ဧပြီလ(၂၆)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့မြောက်ဘက်ရှိ နယ်ခြားစောင့်တပ်(BGF)များထိန်းချုပ်ရာ ရွှေကုက္ကိုလ်ဒေသကို ယခု ဧပြီလ ၂၀ ရက် နေ့မှစ၍ ဒေသခံရွာသားများ၏ အားမခံ ထောက်ခံမှုမရှိဘဲ ဒေသအတွင်း သွားလာခွင့်ကို နယ်ခြားစောင့်တပ်-BGF စစ်ဆေး ရေးဂိတ်များက ခွင့်မပြုတော့ကြောင်း ရွှေကုက္ကိုလ်ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ရွှေကုက္ကိုလ်ဒေသအတွင်းသို့ လာရောက်သည့် မော်တော်ယာဉ်များ နှင့် လူများသည် BGFတပ် စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမှုခံယူရပြီး မိမိသိကျွမ်းသော နယ်ခံ ရွှေကုက္ကိုလ်ဒေသခံ တစ်ဦးဦး၏ လာရောက် အာမခံ ခေါ်ယူပေးမှ ရွှေကုက္ကိုလ်ကျေးရွာအတွင်းသို့ သွားခွင့်ပြုကြောင်း ရွာသားတစ်ဦးက ယခုလိုပြောသည်။
၎င်းက “ပြီးခဲ့တဲ့ ၂၀ ရက်ကစပြီး သူစိမ်းတွေဝင်လာရင် ဂိတ်မှာသွားပြောပေးပြီးမှ ဝင်လာလို့ရတယ်။ အာမခံ တဲ့သူ မရှိရင် မပေးဝင်ဘူး။ ဘယ်လိုအာမခံရလဲဆိုတော့ စစ်ဆေးရေးဂိတ်ကိုသွားပြီး ဒီလူက အိမ်ကို လာမဲ့ အကြောင်း ဒါကငါ့တူတွေ၊ သားတွေပဲပေါ့။ အဲ့လိုမျိုး အာမခံပေးရင် သူတို့ပေးလာတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့နောက် ရွှေကုက္ကိုလ်မြို့သစ်အနီးတွင် တိုက်ပွဲပြန်လည်ငြိမ်သက်နေသော်လည်း ရွှေကုက္ကိုလ်ဒေသရှိအဝင် အထွက်များကို BGF တပ်များဖြင့် လုံခြုံရေးတင်းကြပ်စွာ ချထား ကြောင်း ဖြတ်သန်းသွားလာသူများက ပြောသည်။
အလားတူ စစ်ဆေးရေးဂိတ်များ၏ စစ်ဆေးမှုတင်းကြပ်လာခြင်းကြောင့် မြဝတီမြို့မှ ရွှေကုက္ကိုလ်မြို့သစ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများလည်း ရွှေကုက္ကိုလ်ဘက်သို့ အသွားအလာ နည်းပါးလာကြောင်း မြဝတီယာဉ် မောင်းတစ်ဦးက ယခုလိုပြောသည်။
“ရွှေကုက္ကိုလ်ဘက်က ဂိတ်များတယ်။ အဲ့ဘက်က သူတို့တော်တော်လေးကို စစ်ဆေးနေတော့ သွားတဲ့ ကား သိပ်မရှိတော့ဘူး။ သွားနေတဲ့ လိုင်းကားတွေတော့ရှိတယ်။ လိုင်းကားတွေလည်း အော်ဒါငှားမှ သူတို့သွား တော့တယ်။ ဆိုင်ကယ်နဲ့က သွားလို့အဆင်ပြေတယ်။ အပြင်က ကားတွေလည်းပေးမဝင်ဘူး တော်တော်လေး ကြပ်တယ်”ဟုပြောသည်။
ထို့အပြင် ရွှေကုက္ကိုလ်မြို့သစ်အနီး၌ ပြီးခဲ့သည့် ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့အတွင်း ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် ကော်သူလေးအာမီ(KTLA) နှင့် BGF တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် BGF တပ်ဖွဲ့များက ၄င်းရွှေကုက္ကိုလ်ဒေသအတွင်းသို့ ဒရုန်းယာဉ် ပျံဝဲမှု စိုးရိမ်ချက်များကြောင့် အင်တာနက် လိုင်းများကိုပါ ဖြတ်တောက်ထားကြောင်း နောက်ထပ် ရွှေကုက္ကိုလ်ဒေသခံ တစ်ဦးက ဆိုသည်။
“တိုက်ပွဲဖြစ်ကတည်းက အခုထိ အင်တာနက်အကုန်ဖြတ်ထားတယ်။ ဘာလိုင်းမှသုံးလို့မရဘူး။ ထိုင်းလိုင်းဆို လည်း True Move လည်းသုံးမရဘူး။ 12 call လည်းသုံးမရဘူး။ ဒီဗိုလ်မှူးချစ်သူတို့အဖွဲ့တွေပဲ ပိတ်ထားတာ ဖြစ်မှာပေါ့။ အခုတောင် လိုင်းက ကောင်းတစ်ချက် မကောင်းတစ်ချက်အဲ့လိုဖြစ်နေတယ်။ သူတို့ဆီကို ဒရုန်းလာ မှာကြောက်လို့ပဲ လိုင်းအကုန်ဖြတ်ထားတယ်။ Wi-Fi တစ်ခုပဲသုံးလို့ရတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်ပြီးဖြစ်သော်လည်း ရွှေကုက္ကိုလ်မြို့သစ်ရှိ စျေးဆိုင်များတွင် အခြေခံ စားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာလျက်ရှိသည်ဟုလည်း ဒေသခံ ရွာသားများက ဆိုသည်။
အလားတူ ရွှေကုက္ကိုလ်မြို့သစ်တွင် တိုက်ပွဲပြန်လည်ငြိမ်သက်နေပြီးဖြစ်၍ ကာစီနို လောင်းကစား လုပ်ငန်းများ ပုံမှန် ပြန်လည်ပတ်နေပြီးဖြစ်သော်လည်း ၄င်းမြို့သစ်အတွင်းရှိ တရုတ် လူမျိုးများကိုမူ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များက အသွားအလာပိတ်ပင်ထားသေးကြောင်း မြို့ခံများထံမှ သိရသည်။



















