ဧပြီလ ၂၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံနှင့် လှိုင်းဘွဲမြိုနယ်များတွင် လျှပ်စစ်မီးကို ယခင်က သုံးနာရီခြား တစ်ကြိမ် ပေးရာမှ သင်္ကြန်ကာလ လွန်မြောက်ပြီးသောအချိန်မှစ၍ တစ်ရက်လျှင် (၃)နာရီခန့်သာ လျှပ်စစ်မီးရရှိနေကြသော်လည်း လျှပ်စစ်မီတာခများကိုမူ ယခင်ကထက် နှစ်ဆမကတိုးကောက်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယခင်စစ်ကောင်စီ အာဏာမသိမ်းခင် ကာလများက လျှပ်စစ်မီတာခ ကျပ်ငွေထောင်ဂဏန်းသာ ကျသင့်သည့် နေအိမ်များတွင် လက်ရှိတွင် မီတာခကို ကျပ်ငွေ သောင်းဂဏန်းအထိ ပေးဆောင်နေရ သော်လည်း လျှပ်စစ်မီး ဖြန့်ဝေမှုတွင် တစ်ကြိမ်လျှင် နာရီဝက် သို့မဟုတ် တစ်နာရီသာပေးကြောင်း ဖားအံမြို့ခံသူ နန်းအိထိုက် က ယခုလိုပြောသည်။
၎င်းက “မီးက အရင်ကသူပေးနေကြဆိုရင် သုံးနာရီခြားပေးတယ်လေ။ ပြီးရင်သုံးနာရီ ပြတ်တယ်။ ပြီးရင် သုံးနာရီပြန်လာတယ်။ အခုက ပုံမှန်မဟုတ်နေတော့ဘူး။ သူက သုံးနာရီကိုမှ နာရီဝက်ဘဲပေးတော့တာ။ နာရီ ဝက်ဘဲပေးပြီးတော့ ပုံမှန်သုံးနာရီပြန်ပျက်တယ်။ ပြီးရင်အဲ့သုံးနာရီပြန်လာရမဲ့အချိန်မှာ တစ်နာရီခွဲ ဘဲပြန် ပေးတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
ထိုသို့ မီတာခ တိုးကောက်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး ပြည်သူများက မေးမြန်းသောအခါ ရေစက်နှင့် ရေတင်းခြင်း၊ လေအေးပေးစက် (Air Con) အသုံးပြုခြင်း၊ လျှပ်စစ်ပန်ကန်များ အသုံးပြုခြင်း တို့ကြောင့် ဖြစ်ကြောင်း မီတာခ လာကောက်သော အကောက်ခွန်ဌာနမှာ ဝန်ထမ်းများက ပြန်ပြောသည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ လျှပ်စစ်မီး ပုံမှန် မလာသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် လျှပ်စစ်မီးအစားထိုး မီးသွေး မီးဖိုများကို အသုံးပြုနေရပြီး ကုန်စျေနှုန်းများ မြှင့်တက်နေချိန် အိမ်တွင်း အသုံးစရိတ်များ ပိုမို မြင့်တက် လာကြောင်း လှိုင်းဘွဲ ဒေသခံ တစ်ဦးက ပြောသည်။
လှိုင်းဘွဲ ဒေသခံ တစ်ဦးက “အခုဆိုရင် မီးကပုံမှန်မလာတော့ ထမင်းချက်ရင်တောင်မှ မီးသွေးတွေပြန်ဝယ်ပြီး ချက်ရတော့မှာပေါ့။ ဘာဖြစ်လိုလဲဆိုတော့ ထမင်းပေါင်းအိုးတည်တဲ့အခါမှာ မီးပျက်တာ လေးငါးခါမက ကြုံလိုက်ရပြီးပေါ့နော်။ အခုလိုကုန်စျေးနှုန်းတက်ပြီး ဘာမှမရှိတဲ့ကြား ကနေ မီးသွေးဖိုးရောထပ်ကုန်မယ်ဆို တော့ ဒါမီးယူထားတာအသုံးမဝင်တော့သလိုတောင်ခံစားမိတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
ယခုကဲ့သို လျှစ်စစ်မီးများပုံမှန်မလာခြင်းနှင့် မီးဖြန့်ဝေပေးချိန် နည်းခြင်းတို့ကြောင့် လျှပ်စစ်မီးကိုအားထား သုံးပြုနေရသည့် ကွန်ပျူတာသင်တန်းဖွင့်သူများ ၊အအေးဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များလည်း အခက်အခဲ ကြုံတွေ့နေရပြီး ဝင်ငွေလည်းနည်းပါးနေကာ လျှပ်စစ်မီတာခများ အဆမတန်ကောက်ခံနေမှုအပေါ်လည်း ပြည်သူများ၏ ဝေဖန်မှုများ မြင့်တက်နေသည်။
လတ်တလော လျှပ်စစ်မီးများ ပုံမှန် မလာခြင်းကြောင့် ဖားအံ၊ လှိုင်းဘွဲ မြို့တွင်းဒေသခံပြည်သူများ အနေဖြင့် ဂတ်(စ်)မီးဖိုများ မီးသွေးမီးဖိုများကို အစားထိုး ဝယ်ယူအသုံးပြုနေရပြီး မြိုတွင်း စားသောက်ဆိုင်များမှာလည်း ဂတ်(စ်)မီးဖိုနှင့် မီးသွေးမီးဖိုများကိုသာ အသုံးပြုနေရကြောင်း မြို့ခံ များက ဆိုသည်။



















