Home သတင်း စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွင်းကလေး ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွင်းကလေး ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရ

1081

ဧပြီလ ၂၆ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း အပြင်ကွင်းကလေးကျေးရွာတွင် ယမန်နေ့ညနေ ၄နာရီဝန်းကျင်က စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲပစ်ခတ်မှုကြောင့် အပစ်မဲ့ အရပ်သား မိသားစုဝင် ၄ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း ကွင်းကလေးကျေးရွာသားများကပြောသည်။

ကွင်းကလေးကျေးရွာတွင် စစ်ကောင်စီနှင့် နယ်မြေခံ တော်လှန်ရေး အင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲ တစ်စုံ တစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲချမှုကြောင့် ဒေသခံရွာသား မိသားစုဝင် ၄ဦးမှာ အသီးသီး ထိခိုက်ဒဏ်ရာရရှိခဲ့ရခြင်းဖြစ်သည်ဟု ကွင်းကလေး ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

၎င်းက”တိုက်ပွဲလည်းဖြစ်ပွားမှုမရှိဘူ။ ဘာစစ်သားမှမရှိဘူ။ သက်သက်လေယာဉ်နဲ့ လာပစ်တာ တည့်တည့်ကို ထိပြီး မိသားစုဝင်၄ဦးထိသွားတယ်။ နှစ်လုံးလာကြဲသွားတာ တစ်လုံးပဲကွဲတယ်။ နှစ်လုံး စလုံးပေါက်ကွဲရင် အဲ့ဒီမိသားစု‌တွေသေကုန်မှာပဲ”ဟု ကေအိုင်စီသို့ပြောသည်။

လေယာဉ်မှ ကြဲချသည့် လက်နက်ကြီး ကျည်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် မိသားစုဝင်၄ဦးမှာ အသက်၅၀နှစ် ဝန်းကျင်ရှိသည့် စောဖားကနုတ်၊ နော်တာလေခို့တို့ ဇနီးမောင်နှံနှစ်ဦးအပြင် အသက်၂၀ကျော် ချွေးမနှင့် တူလေး တို့လည်း ပါပြီး ဦးခေါင်း၊ လက်၊ ပေါင်တံ စသည့်နေရာများတွင် အသီးသီး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နော်တာလေခို့ မှာ ဒဏ်ရာပြင်းထန်သောကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံဘက်သို့ပို့ဆောင်ပေးနေကြောင်း နီးစပ် သည့် ကွင်းကလေး ရွာသားတစ်ဦးက ဆိုသည်။

“ဒဏ်ရာပြင်းတဲ့တစ်ယောက်တော့ ဒီမနက်မှာပဲ‌ မဲဆောက်ကိုပို့တယ်။ ကျန်တဲ့လူ‌တွေက ရွာမှာပဲကုပေးတယ်။ လေယာဉ်နဲ့ပစ်ခံထိတယ်ဆိုတော့ လမ်းအတိုင်းသွားပို့လို့မရဲဘူ။ တောလမ်းနဲ့ပဲသွားပို့ရတယ်။ခုထိ ရောက် မရောက် မသိသေးဘူ”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်များတွင်လည်း စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မဲကနယ် ကျေးရွာအနီး ကျောက်မဲ ကျောက်တောင် ဒေသများကို လေယာဉ်ဖြင့် ဝင်ရောက် ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ သေးသည်။