ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဦးဆောင်မှုအောက်တွင်ရှိသည့် အဖွဲ့ဝင်များနှင့် မျိုးချစ်တော်လှန်ရေး ရဲဘော်များအနေဖြင့် အစည်းအရုံး၏ စိတ်ဓာတ် အပြည့်အဝထားရှိကြရန် ကေအဲန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။
ယနေ့ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ကျရောက်သည့် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်း (၇၆)နှစ်မြောက်နေ့အတွက် ပေးပို့သော အစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ သဝဏ်လွှာမိန့်ခွန်းတွင် ယခုလို တိုက်တွန်းထားခြင်းဖြစ်သည်။
KNU ဥက္ကဌက “မိမိတို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကြီးသည် ယနေ့ထိတိုင် မားမား မတ်မတ်ရပ်တည်နိုင်ခြင်းဖြစ်သည်။ ရှေ့ဆက်ကြိုးပမ်း လှုပ်ရှားမှုများတွင်လည်း မိမိတို့အစည်းအရုံးကြီး၏ ဦးဆောင်မှုအောက်၌ ရှိနေကြသော အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များအနေဖြင့် အစည်းအရုံး၏ စိတ်ဓာတ်၊ အပြည့်အဝရှိကြရန် မိမိတို့ကရင်အမျိုးသားများ၏ ရည်မှန်းချက်နှင့်အကျိုးကို အမှန်တကယ် ကြိုးပမ်းအား ထုတ်ကြရန် လိုအပ်ပါသည်။ တစ်ဆက်တည်းမှာပင် ကရင်အမျိုးသားများ၏ အကျိုးအတွက် မိမိတို့အနေဖြင့် ကျရာတာဝန်များကို အခန်းကဏ္ဍအလိုက် အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်သည်”ဟု ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ကရင်အမျိုးသားများက စတင်ဖွဲ့စည်းတည်ထောင်ကာ တာဝန်အပ်နှင်းခဲ့သည့်အချိန်မှစတင်၍ ကရင်အမျိုးသားများအတွက် အစဉ်တစိုက် ကြိုးပမ်းအား ထုတ်ခဲ့သည့်နည်းတူ လာမည့် အနာဂတ်တွင်လည်း ဆက်လက် ကြိုးစားအားထုတ်ဆောင်ရွက် သွားကြရန်ကိုလည်း ကေအဲန်ယူ ဥက္ကဋ္ဌက ဆက်လက်တိုက်တွန်းထားသည်။
ထိုသို့ ကြိုးစားအားထုတ်ဆောင်ရွက်သည့်အချိန်တွင် ကရင်အမျိုးသားမျာ၏ အသိအမှတ်ပြု ထောက်ခံ အားပေးမှုရရှိရန်အတွက်လည်း ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး အားပေးထောက်ခံမှုရှိမှသာ အစည်းအရုံးသည် မားမားမတ်မတ်ရည်တည်ရှင်သန်နိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။
ထိုအပြင် ကရင်အမျိုးသားတော်လှန်ရေးသမားများအနေဖြင့် ကရင်အမျိုးသားများ၏ နိုင်ငံရေးခံယူချက် ပြီးမြောက်အောင်မြင်သည်အထိ ကျရာတာဝန်ယူပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန်ကိုလည်း ကေအဲန်ယူဥက္ကဌ ဆက်လက်တိုက်တွန်းထားသည်။
“မိမိတို့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးကြီး၏အဖွဲ့ဝင်များ၊ ကရင်အမျိုးသားတော်လှန်ရေးသမားများ အနေဖြင့် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးသည် ကရင်အမျိုးသားများအတွက် အရေးပါသော အခန်းကဏ္ဍတွင်ရှိနေသည်ကိုခံယူ၍ ကရင်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြောက် အောင်မြင် သည်အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျရာတာဝန်အသီးသီးတွင် တာဝန်ယူကြပြီး အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်”ဟု KNU ဥက္ကဋ္ဌက တိုက်တွန်းထားသည်။
(၇၆)နှစ်ကာလအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အမျိုးသားရေး၊ နိုင်ငံရေး ဦးဆောင်မှုအပေါ် တော်လှန်သစ္စာဖြင့် ခံယူချက်ခိုင်မာစွာ ရပ်တည်ပြီး အသက်သွေး၊ ချွေး ခန္ဓာများပေးဆပ်ခဲ့ကြသည့် ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားပြည်သူလူထုများကို သမိုင်းမော်ကွန်းမှတ်တမ်းတင် ဦးညွတ်အလေးပြုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။
ကေအဲန်ယူကို ကရင်အမျိုးသားအဖွဲ့အစည်း လေးဖွဲ့ဖြစ်သည့် ဒေါကလူ(ကရင်အမျိုးသားအသင်း၊ Karen National Association-KNA)၊ ဗုဒ္ဓဘာသာကရင်အမျိုးသားများအသင်း(Buddhist Karen National Association-BKNA)၊ ကရင် ဗဟိုအဖွဲ့ချုပ်(Karen Central Organization-KCO)နှင့် ကရင်လူငယ်အစည်းအရုံး(Karen Youth Organization-KYO) တို့ စုစည်းကာ ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ကရင်အမျိုးသားများ၏ အမျိုသားရေးအတွက် လှုပ်ရှားမှု ပိုမိုအားကောင်းစေရန် ရည်ရွယ်ပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်မှ (၇)ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပသည့် ကရင်အမျိုးသားညီလာခံကြီး၌ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။



















