Home သတင်း မုန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လိုပါက ကေအဲန်ယူထံ ခွင့်ပြုချက်တောင်းခံရမည်

မုန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လိုပါက ကေအဲန်ယူထံ ခွင့်ပြုချက်တောင်းခံရမည်

1342
Photo: KNU

မေလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် စီမံအုပ်ချုပ် သည့်နေရာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လိုပါက မြို့နယ်ရုံးသို့ ခွင့်ပြုချက်တောင်းပြီးမှ လုပ်ဆောင်ခွင့်ပေးမည်ဟု ကေအဲန်ယူ မုန်းမြို့နယ်က မေလ ၂၁ ရက် နေ့စွဲဖြင့် အသိပေးထုတ်ပြန်ခဲ့သည်။

မုန်းမြို့နယ်၏ စီမံအုပ်ချုပ်သည့်နယ်မြေများထဲတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လိုပါက တရားဝင်ခွင့်ပြုချက် တင်ရမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ၎င်း၏မြို့နယ်ထဲတွင် ဆောင်ရွက်လိုသည့် မည်သည့်ကိစ္စမဆို သက်ဆိုင်ရာမြို့နယ်ရုံးထံ ခွင့်ပြုချက် တင်ရမည်ဖြစ်သည့်အပြင် ကေအဲန်ယူ စီမံအုပ်ချုပ်သည့်နယ်မြေအတွင်းရှိ ဒေသခံလူထုများအနေဖြင့် မိမိပိုင်ဆိုင်မှုမှန်သမျှကို အသိမှတ်ပြုနိုင်ရန်အတွက် မုန်းမြို့နယ်ရုံးတွင် တရားဝင်စာရင်းသွင်းမှတ်ပုံ တင်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဒေသခံလူထုများအနေဖြင့် မြို့နယ်အတွင်းရှိ သစ်တော၊ ရေလုပ်ငန်းနှင့် သဘာဝသယံဇာတများဆောင်ရွက်လုပ် ကိုင်လိုပါက မုန်းမြို့နယ်နှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်ရမည်ဟု ကေအဲန်ယူ မုန်းမြို့နယ် ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ကေအဲန်ယူ မုန်းမြို့နယ်၏ စီမံအုပ်ချုပ်သည့် နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားများကို လုံးဝခွင်မပြုကြောင်းလည်း ထိုအသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဖောက်ဖျက်ကျူး လွန်ပါက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက သတ်မှတ်ထားသည့် စည်းမျဉ်းဥပဒေနှင့်နှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

ကေအဲန်ယူ ညောင်လေးပင်ခရိုင်အတွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များထဲတွင် ငါးလုပ်ငန်းလုပ်ကိုင်လိုသည့် ဒေသခံလူထုအနေဖြင့် သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနထံ ခွင့်ပြုချက် လျှောက်တင်ရ မည်ဖြစ်ပြီး စိစစ်ခွင့်ပြုပြီးမှ လုပ်ငန်းလိုင်စင်ထုတ်ပေးမည်ဖြစ်သည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင်အဆင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနကလည်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။