Home သတင်း အကြီးစားစီမံကိန်းများမလုပ်ရန် မူဝါဒရေးဆွဲသင့်ဟု KRW အကြံပြုတိုက်တွန်း

အကြီးစားစီမံကိန်းများမလုပ်ရန် မူဝါဒရေးဆွဲသင့်ဟု KRW အကြံပြုတိုက်တွန်း

1369
Photo: Kyaw Ponglenkaleelamoo

မတ်လ ၁၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ရာသီဥတု ဖောက်ပြန်မှုများကြုံတွေ့ရသည့် မြန်မာနိုင်ငံတွင် အကြီးစားစီမံကိန်းများ မလုပ်ရန် မူဝါဒရေးဆွဲသင့် ကြောင်း ယနေ့ မတ်လ ၁၄ရက်နေ့တွင် ကျရောက်သည့် မြစ်ချောင်းများ အခွင့်အရေးအတွက် နိုင်ငံတကာလှုပ်ရှားမှုနေ့ တွင် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်-KRWက တိုက်တွန်းလိုက်သည်။

KRW မှ ပြောခွင့်ရ စောသာဘိုးက “ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် မူဝါဒတွေ ရေးဆွဲတဲ့အခါမှာ ဌာနေတိုင်းရင်းသား တွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီးတော့ အရေးကြီးတဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးကြတာ ပြဌာန်းပေးကြတာ အားနည်းခဲ့တယ်။ မြန်မာနိုင်ငံမှာလည်း ရာသီဥတု ဖောက်ပြန်မှုလည်း အဆိုးဝါးဆုံး ခံစားနေကြရ တာဖြစ်တဲ့ အနေအထားမှာ ဒါတွေကို ဖြစ်ပေါ်စေတဲ့ အကြီးစား စီမံကိန်းတွေကို အခုကတည်း မူဝါဒ ချမှတ်ရေးဆွဲတဲ့ သူတွေအနေနဲ့ ဒီစီမံကိန်းတွေ မဆောက်ဖို့ ရေးဆွဲထားလို့ ရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ဒေသခံများ၏ အခွင့်အရေးကို ကာကွယ်ပြီးသားဖြစ်သလို အနာဂတ်တွင် ဖြစ်ပေါ်နိုင် သော ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုလည်း ကြိုတင်ကာကွယ်ထားပြီးသား ဖြစ်သွားနိုင်သည်ဟုလည်း စောသာဘိုးက ဖြည့်စွက်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) အနေဖြင့် ဖက်ဒ ရက်ဒီမိုကရေစီလမ်းကြောင်းတည်ဆောက်ရန် မူဝါဒများရေးဆွဲရာတွင် ဌာနေတိုင်းရင်းသားတို့၏ နေထိုင်မှု အသက် မွေးဝမ်းကျောင်းနှင့် ကိုက်ညီသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို အထူး အလေးထား ထည့်သွင်းရေးဆွဲရန် လည်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်က ယနေ့ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

အဆိုပါ မူဝါဒများ ရေးဆွဲရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် အကြီးစား ရေကာတာစီမံကိန်းများ တည်ဆောက်ခြင်းကို လုံးဝ တားမြစ်ပိတ်ပင်သည့် မူဝါဒချမှတ်ရန်နှင့် ၎င်းမူဝါဒများကို အတည်ပြု ရေးဆွဲရာတွင်လည်း ဒေသခံလူထု၊ အရပ်ဖက်အဖွဲ့အစည်းနှင့် သက်ဆိုင်ရာ ကရင်အမျိုးသားအစည်းအရုံး-KNU တို့ပါ ပါဝင်ရေးဆွဲသွားရန် KRW က ဆက်လက် တောင်းဆိုထားသည်။

Photo: Kyaw Ponglenkaleelamoo

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် NUCC အနေဖြင့် သက်ဆိုင်ရာ အစုအဖွဲ့ ၅ဖွဲ့အား ကိုယ်စားပြု သည့် အစုအဖွဲ့ဝင် ၃၃ဖွဲ့ဖြင့် ဖွဲ့စည်းထားကာ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံများကို ရေးဆွဲနေကြပြီး ဇန်နဝါရီလ ၂၉ရက်နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည့် NUCC ၏ ပြည် သူ့ညီလာခံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်းနှစ်ခုကို ရေးဆွဲအတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေ ညာထားသည်။

အလားတူ လူထုအသိအမှတ်ပြုခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့်လည်း သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားနေသည့် အဖွဲ့အစည်းများကို အသိအမှတ်ပြုရန်နှင့် ငွေကြေး၊ နည်းပညာ၊ ဥပဒေဆိုင်ရာ အကြံဉာဏ်များကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ပံ့ပိုးကူညီပေးရန်အပြင် လူထုကို ထိခိုက်စေသော အကြီးစားဆည်တည် ဆောက်မှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ညွှန်ကြားမှုများ ထုတ်ပြန်ရန်လည်း တောင်းဆိုထားသည်။

၎င်းအပြင် သက်ဆိုင်ရာ KNU အနေဖြင့်လည်း ၎င်းတို့ ပြဌာန်းထားသည့် သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်သော ကော်သူးလေ၏ တည်ဆဲမူဝါဒများနှင့်အညီ သဘာဝအရင်းအမြစ် ထိန်းသိမ်းကာကွယ်ပေးခြင်းနှင့် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန်အပြင် ကော်သူးလေဒေသမှ သဘာဝအရင်းအမြစ်များကို အကြီးစားလုပ်ငန်း ရှင်နှင့် ကိုယ်ကျိုးစီးပွားအမြတ်ထုတ်သူများ၏လက်အောက် မကျရောက်စေရန် ထိရောက်စွာ ကာကွယ်ပေးရန်လည်း ဖော်ပြတောင်းဆိုထားသည်။

ထို့အတူ နိုင်ငံတကာ အသင်းအဖွဲ့များအနေဖြင့် အာဏာသိမ်း စစ်အုပ်စုကို အသိအမှတ်မပြုရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့်လည်း အာဏာသိမ်း စစ်ကောင်စီကို ငွေကြေးပံ့ပိုးမှုဖြစ်စေသည့် စီးပွားရေးလုပ်ငန်းများကို ချက်ချင်းရပ်တန့်ရေးနှင့် လတ်တလောဖြစ်ပေါ်နေသည့် ပြည်တွင်း စစ်ရေးပဋိပက္ခ ဒဏ်ခံနေရသည့် ပြည်သူများကို လူသားချင်း စာနာမှုအထောက်အပံ့များ ကူညီပေးရေးတို့ကိုပါ KRW က ထည့်သွင်းတောင်းဆိုထားသည်။

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်များဆိုင်ရာ လှုပ်ရှားမှုနေ့တွင် ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့၊ ကရင်အရပ်ဖက်အဖွဲ့အစည်းများနှင့် အီတူးထာ့ကျေးရွာမှ ဒေသခံများ ပူးပေါင်းပြီး မူတြော်(ဖာပွန်)ခရိုင်၏ သံလွင်မြစ် ကမ်းတစ်နေရာတွင် မြစ်များ လွတ်လပ်စွာ စီးဆင်းစေရန် ဆုတောင်းခြင်းအစီအစဉ်ကို ယနေ့နံနက်တွင် အကျဉ်းချုပ် ပြုလုပ်ကျင်းပခဲ့သည်။