စက်တင်ဘာ ၂၅ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ပရဝဏ်မြေတွင် အခြေချနေထိုင်သည့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့မှ ယနေ့စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၈ နာရီကျော်အချိန် ကျေးရွာများအနီးတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု သိရသည်။
စစ်ကောင်စီစခန်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများအနီးတွင် ရမ်းသမ်းပစ်ခတ်သည့်အတွက် ရွာသားအများစု ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မည်သည့်အစုအဖွဲ့များမှ ၎င်းတို့ကို လာရောက်ပစ်ခတ်မှုမရှိဘဲ ယခုလိုမကြာခဏ ရမ်းသမ်းပစ်ခတ်နေသည့်အပေါ် ဒေသအတွင်း တိုက်ပွဲဖြစ်လာမည်ကို ရွာသားအများစုက စိုးရိမ်နေကြသည်ဟု ပြောသည်။
“ ၈ နာရီကျော်အချိန်မှာ တောင်စွန်းစခန်းက စစ်တပ်တွေ ရွာအနီးမှာပဲ လက်နက်ကြီး ၂ လုံးပစ်တာ ကြားတယ်။ လက်နက်ငယ်သက်သက်က အချက် ၅ဝ ကျော်မယ်ထင်တယ်။ သူတို့ဘာသာ သူတို့ပစ်ဖေါက်တာလေ။ ရွာသားတွေခု ထွက်ပြေးတိမ်းရှောင်နေရတယ်။ မနေ့ညကလည်း သေနတ်ပစ်ဖောက်သေးတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ကေအိုင်စီ သို့ပြောသည်။
တောင်စွန်းရွာတွင် အခြေချနေထိုင်သည့် စစ်ကောင်စီစခန်းနေရာသည် KNU -ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ်မြေလည်းဖြစ်ပြီး ၎င်းတို့အခြေချနေထိုင်သည့် ကျေးရွာအခြေပြုစခန်းများတွင် မကြာခဏဆိုသလို သေနတ်ပစ်ဖောက် ခြိမ်းခြောက်လျက်ရှိသည်ဟု ရွာသားများထံမှ သိရသည်။
တောင်စွန်းရွာ ဘုန်းတော်ကြီးကျောင်း၏ သာသနာ့မြေ ပရဝဏ်တွင် အခြေချနေထိုင်လာသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည် ဇွန်လ ၅ နေ့တွင်လည်း ၎င်းတို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်စွန်းရွာ ရပ်ကွက် ၂ တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ရွာသားများရှောင်တိမ်းခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။