Home သတင်း ကစယ်ဒိုတွင် ဂျက်ဖိုက်တာ ဗုံးကြဲ၍ ဒေသခံများ စစ်ဘေးရှောင်နေရ

ကစယ်ဒိုတွင် ဂျက်ဖိုက်တာ ဗုံးကြဲ၍ ဒေသခံများ စစ်ဘေးရှောင်နေရ

22
Photo: KNU

နိုဝင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ်၊ တောင်ပျောက် ကျေးရွာအုပ်စုသို့ ယမန်နေ့ နိုဝင်ဘာ (၁၅) ရက်တွင် စစ်အုပ်စုမှ ဂျက်ဖိုက်တာဖြင့် (၂) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရကြောင်း ကေအဲန်ယူက တပ်မဟာ(၄)၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ပျောက်ကျေးရွာအုပ်စုအတွင်း စစ်အုပ်စုက စစ်ကြောင်းထိုးဝင်လာသည့်အပြင် ယမန်နေ့ ညနေပိုင်းက ဝင်းကဖော်ရွာနှင့် အလယ်စုကျေးရွာသို့ K-8W ဂျက်ဖိုက်တာဖြင့် အချိန်တစ်နာရီသာခြား၍ ပေါင် (၂၅၀) ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းမှ ဗုံးကြဲသည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အဆိုပါတောင်ပျောက်ကျေးရွာထဲရှိ ဒေသခံများမှာ စစ်ဘေးရှောင်နေရသည်ဟု ကေအဲန်ယူ တပ်မဟာ(၄)၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

“၁၅ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ စစ်တပ် စစ်ကြောင်းဝင်လာလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒီနောက်ပိုင်း ညနေပိုင်းလောက်မှာ ဗုံးလာကြဲသွားတာ” ဟု တနင်္သာရီတိုင်းအတွင်း အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများကို မှတ်တမ်းတင်နေသည့် FE-5 တနင်္သာရီ၏ တာဝန်ရှိသူက ပြောသည်။

Photo: KNU

သရက်ချောင်းမြို့နယ်ထဲသို့ စစ်ကြောင်းထိုးဝင်နေစဥ် စစ်အုပ်စုသည် ရွာခံအချို့ကို ဖမ်းဆီးထိန်းသိမ်းမှု ရှိခဲ့သော်လည်း ဖမ်းခံရသည့်လူအရေအတွက်ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းအဖွဲ့ထံမှ သိရသည်။ ကေအိုင်စီ-ကရင်သတင်းဌာန အနေဖြင့်လည်း သီးခြားအတည်ပြုလျက်ရှိသည်။

ထို့အပြင် လတ်တလော မြေပြင်စစ်ကြောင်းဝင်လာခြင်းနှင့် တိုက်ပွဲဖြစ်ပြီး လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် တောင်ပျောက်ကျေးရွာအုပ်စုထဲရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၄) ရက်နေ့ကလည်း ကစယ်ဒိုမြို့နယ်ရှိ ဘုရင့်တောင်ကျေးရွာ အတွင်းသို့ စစ်အုပ်စုက လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာအတွင်းရှိ ခရစ်ယာန်သာသနာပိုင် ခန်းမဆောင် (၁) လုံး ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။