Home သတင်း ရေးချောင်းဖျားဒေသမှာ နှစ်ရက်ဆက်တိုက်ဗုံးကြဲခံရပြီး ဒေသခံ (၃) ဦးထက်မနည်းသေဆုံး၊ (၂၀) ကျော် ဒဏ်ရာရ

ရေးချောင်းဖျားဒေသမှာ နှစ်ရက်ဆက်တိုက်ဗုံးကြဲခံရပြီး ဒေသခံ (၃) ဦးထက်မနည်းသေဆုံး၊ (၂၀) ကျော် ဒဏ်ရာရ

4
Photo: CJ

နိုဝင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသသို့ ယမန်နေ့ နိုဝင်ဘာ(၁၅)ရက်နေ့နှင့် ယနေ့တွင် စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး (၂) ဦး အပါအဝင် အရပ်သား(၃)ဦးထက်မနည်း သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် လက်နက်ကိုင်တပ်ဖွဲ့သတင်းအရင်းအမြစ်မှ သိရသည်။

စစ်အုပ်စုသည် ယမန်နေ့၊ ညအချိန် (၁၁) နာရီနှင့် ယနေ့ နိုဝင်ဘာ (၁၆) ရက်၊ မနက် (၂) နာရီဝန်းကျင်အချိန်တွင် ရေးချောင်းဖျားဒေသထဲရှိ ကျေးရွာသို့ လေယာဥ်ဖြင့် ဗုံးအလုံးရေ (၂၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးစထိမှန်မှုကြောင့် ဖလံချောင်းဝရွာမှ ဒေသခံ (၁) ဦး နေရာတွင်ပင်သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ သွားကြောင်း ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်သည်။ တဆက်တည်း ချဲတိုက်ရွာသို့ ယနေ့ မွန်းလွဲပိုင်းက ထပ်မံလေကြောင်းတိုက်ခိုက်မှုတွင်လည်း အမျိုးသမီး(၁)ဦး အပါအဝင် အနည်းဆုံး(၂)ဦးသေဆုံးကာ (၂၀)ကျော် ဒဏ်ရာရသည်ဟု ဒေသခံများက ပြောသည်။

“ဖလံရွာမှာ ဆုံးတာကတော့ သက်ကြီးပိုင်းအမျိုးသမီးပါ။ ဒီနေ့လည်မှာလည်း ချဲတိုက်ရွာကို လာကြဲတာ ရွာအလယ်တည့်တည့်ပဲ။ စာသင်ကျောင်းပတ်ပတ်လည်မှာ ကြဲတာ။ သေတာ(၂)ယောက်နဲ့ ဒဏ်ရာရတာတင် (၂၀)ကျော်တယ် ဆရာမတစ်ယောက်လည်း ပါတယ်” ဟု ရေးချောင်းဖျားနေ ဒေသခံတစ်ဦးက ပြောသည်။

Photo: CJ

ဒေသခံများ ထိခိုက်သေဆုံးမှုအပြင် ဗုံးထိမှန်ပေါက်ကွဲမှုအရှိန်ဖြင့် နေအိမ်များနှင့် မော်တော်ယာဥ်အချို့ ပျက်စီးမှုရှိသလို လက်ရှိ နေရပ်စွန့်ခွာစစ်ရှောင်နေရသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်းလည်း မွန်လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသသတင်းအရင်းအမြစ်မှ သိရသည်။

စစ်အုပ်စု၏လုပ်ရပ်သည် ဒေသထဲ တိုက်ပွဲပဋိပက္ခမရှိသည့်အချိန် ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်သည်ဟု ထိုနယ်မြေတွင် အခြေစိုက်လှုပ်ရှားနေသော ရေးဘီးလူး တော်လှန်ရေးအဖွဲ့ခေါင်းဆောင် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။

ရေးဘီးလူးစခန်း လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ယခုနှစ် မေလမှစ၍ ရေးချောင်းဖျားဒေသထဲရှိ ကျေးရွာများကို စစ်အုပ်စုက ဆက်တိုက်ပစ်မှတ်ထား ဗုံးကြဲချနေခြင်းဖြစ်ပြီး ဒေသခံထိခိုက်သေဆုံးမှုလည်း အကြိမ်ကြိမ်ရှိခဲ့သည်။