ဇူလိုင် ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ၊ ဖို့ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ပြင်ပမှ ပြန်လည်ခိုး ဝင်လာသူ မိသားစုထံမှ ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ကိုဗစ် Positive ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း စခန်းတာ ဝန်ရှိသူ များထံမှ သိရသည်။
ဇူလိုင်လ ၂ ရက်နေ့က မဲဆောက်မြို့မှ စခန်းအတွင်းသို့ ပြန်လည်ခိုးဝင်လာသူ Zone A ရပ်ကွက် (၆)တွင် နေ ထိုင်သည့် မိသားစုဝင် ၃ ဦးကို စခန်းတာဝန်ရှိသူများက စစ်ဆေးမေးမြန်းပြီး သီးသန့်ခွဲထားကာ ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးရာတွင် ၎င်းမိသားစုမှ အမျိုးသားဖြစ်သူမှာ ကိုဗစ်ပိုး ကနဦး စစ်ဆေးတွေ့ရှိခဲ့ပြီး အလားတူ ယမန်နေ့က ၎င်း၏ အမျိုးသမီးထံတွင်လည်း ထပ်မံကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု စခန်း၏ ဒုဥက္ကဌ စောနီဒို က ယခုလိုပြောသည်။
၎င်းက “ဘယ်အချိန်က ထွက်သွားမှန်းတော့ မသိဘူး။ ရပ်ကွက် တာဝန်ရှိသူတွေလည်း မသိလိုက်ဘူး။ ၂ ရက်နေ့က ပြန်ဝင်လာတယ်။ ခိုးဝင်လာတာပေါ့။ အဲ့လို ပြန်ခိုးဝင်လာတဲ့အတွက် ရပ်ကွက်လူကြီးတွေမေးတော့ သူတို့ မဲဆောက်ဘက်က ပြန်လာတယ်လို့ ပြောတယ်။ အဲ့တော့ စခန်းစည်းကမ်းအရ သီးသန့်ခွဲထားရတာပေါ့။ ၆ ရက်နေ့ကျတော့ နှာခေါင်းတို့ဖတ်ကို ယူစစ်ဆေးတော့ ၇ ရက်နေ့မှာ positive အဖြေထွက်လာတာပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ၎င်းနှင့်ထိစပ်သည့် မိသားစုဝင် ၂ ဦးနှင့် အိမ်နီးနားချင်း ၉ ဦးကို သံသယလူနာအနေဖြင့် ဆက်လက် စစ်ဆေးရာတွင် ကနဦး ပိုးတွေ့သူ အမျိုးသား၏ ဇနီးသည်ထံတွင် ကိုဗစ် Positive ထပ်မံတွေ့ရှိခဲ့ပြီး မိသားစုဝင် မဟုတ်သူများထံတွင် မတွေ့ရှိရသေးဘဲ ၎င်းတို့ မိသားစုဝင် ၃ ဦးတွင် သားဖြစ်သူမှာ ၃ လသား အရွယ်သာရှိသေးကြောင်းသိရပြီး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိမှု ရှိမရှိ မသိရသေးကြောင်း စောနီဒို က ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါ ကိုဗစ်ပိုးတွေ့လူနာ လင်မယား ၂ ဦးကို ဖို့ဖရ ဆေးရုံသို့ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်း နှင့် ကိုဗစ်ပိုး စစ်ဆေးမတွေ့ရှိသေးသည့် ကျန်ထိတွေ့သူများကို သီးသန့်နေရာခွဲထား စောင့်ကြည့်နေပြီး စုစုပေါင်း ၁၇ ဦးရှိကြောင်းလည်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ထိုသို့ ကိုဗစ်ပိုးတွေ့ရှိ လူနာများရှိလာခြင်းကြောင့် စခန်းတွင် ဝင်ထွက်သွားလာမှုများ၊ ဘာသာရေးအဆောက် အဦးများ၊ စာသင်ကျောင်းများကို ယာယီပိတ်ထားပြီး ရပ်ကွက်ကျော် သွားလာမှုများကိုလည်း တားမြစ်ထား လိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့တွင်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ အခြားဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် စခန်းတွင်း နေထိုင်သူ လင်မယား ၂ ဦးထံတွင် အလားတူ ကိုဗစ် Positive စစ်ဆေး တွေ့ရှိ သောကြောင့် စခန်းတွင်း သွားလာမှုများကို ပိုမိုတင်းကြပ်ကန့်သတ်လိုက်ကြောင်း သိရသည်။
လတ်တလောတွင် ထိုင်းနိုင်ငံတစ်ဝှမ်း ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားမှု မြှင့်တက်လျက်ရှိရာ ထိုင်းကျန်း မာရေးဌာန၏ ယနေ့(ဇူလိုင် ၉ရက်) ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး ကိုဗစ်ကူးစက်ခံရသူ (၃၁၇,၅၀၆) ဦးပြီး သေဆုံးသူ (၂,၅၃၄) ဦးရှိသည်။ ထို့အတူ တာ့ခ်ခရိုင်တွင် မြို့နယ်ပေါင်း ၉ မြို့နယ်ရှိသည့်အနက် မဲဆောက်မြို့ နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိမှုအမြင့်ဆုံး ဖြစ်ပွားနေပြီး ထိုင်းအာဏာပိုင်များ၏ ယမန်နေ့ ထုတ်ပြန်ထားချက်အရ ပိုးကူးခံရသူ ၁,၂၁၇ ဦးရှိကြောင်း သိရသည်။



















