မေလ ၂၈ ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
တစ်လကျော်ကြာ ဖွင့်လှစ်ခဲ့သည့် ကရင်လူငယ်အစည်းအရုံး-KYO၏ နွေရာသီလူငယ်သင်တန်း (Summer Youth Camp)မှ သင်တန်းဆင်း တိုင်းရင်းသားလူငယ် (၆၃)ဦးအပေါ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အင်အားတစ်ခုအဖြစ် ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း KYO က ပြောသည်။
တိုင်းရင်းသားလူငယ်များအနေဖြင့် သင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံ ဗဟုသုတနှင့် အသိပညာအတတ် ပညာ တတ်မြောက်မှုများကို ပြန်လည်အသုံးချ၍ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အင်အားတစ်ခု အနေဖြင့် ပါဝင်လာရန်မျှော်လင့်ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ သေ့ဘေ့ထာ့စခန်း၌ မေလ ၂၇ ရက်(ယမန်နေ့)က ပြုလုပ်သည့် သင်တန်းဆင်းပွဲတွင် KYO၏ ဒု-ဥက္ကဌ စောအယ်စိုးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီနိုင်ငံမှာ ကျနော်တို့ ကရင်တိုင်းရင်းသားတစ်မျိုးထဲ ရှိနေတာမဟုတ်ဘူး။ ဖက်ဒရယ် ပြည်ထောင်စုကို တည် ဆောက်မယ်ဆိုရင် ကျနော်တို့ ကရင်တစ်မျိုးထဲ တည်ဆောက်လို့မရဘူး။ ဒါကြောင့် ကျနော်တို့ မျှော်လင့်တာ က တိုင်းရင်းသားလူငယ်လေးတွေကနေစပြီး အတူတကွ ဖက်ဒရယ်ကိုသွားကြမယ်။ ဘာဖြစ်လဲဆိုတော့ စုပေါင်း အမြင်ကျယ်မှုနဲ့ အင်အားပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့သွားမှ ကျနော်တို့ရဲ့ ရည်မှန်းချက်ကို အမြန်ဆုံးရောက်ရှိနိုင်မယ်လို့ ယုံကြည်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သင်တန်းသည် KYO၏ (၅) ကြိမ်မြောက်ကွန်ဂရက်မှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၁၈)ချက်မှ တစ်ချက်အပါ အဝင်ဖြစ်သည့် လူငယ်များကို နိုင်ငံရေး၊ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု၊ ရိုးရာယဉ်ကျေးမှုစသည်တို့ကို သင်တန်းပေးသွားရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး ၎င်းသင်တန်းသို့ ပြည်တွင်း၊ နယ်စပ်၊ ဒုက္ခသည်စခန်းများမှ ကရင်လူငယ်များ အပါအဝင် ဗမာ၊ မွန်၊ အင်းသား၊ ကယန်းနှင့် ရခိုင်စသည့် တိုင်းရင်းသားလူငယ်များပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ဧပြီ ၂၃ ရက်မှ မေ ၂၆ ရက်နေ့အထိဖွင့်လှစ်ခဲ့သည့် ယင်းသင်တန်းတွင် အခြေခံနိုင်ငံရေး၊ ဖက်ဒရယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ KNU၏ လမ်းစဉ်၊ လုပ်ငန်းစဉ်၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၊ လူမှုအသိုင်းအဝိုင်းများ၏လုံခြုံရေး၊ အခြေခံကာ ယပညာ၊ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု စသည့် ဘာသာရပ်များအား နယ်စပ်မှ သင်တန်းဆရာ ၁ဝ ဦးခန့်က သင်တန်းပို့ချပေးခဲ့သည်။
သင်တန်းသူ နန်းမြင့်မိုရ်က “ကျမအနေနဲ့ ကိုယ့်လူမျိုးတွေရဲ့ အတွေ့အကြုံနဲ့ သူတို့ရဲ့ခံစားချက်တွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ပုံတို့ကို လေ့လာချင်လို့ပါ။ ဒီသင်တန်းကနေ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်သင့်သလဲ ကိုယ့်အမျိုးသားရဲ့သမိုင်းတွေနဲ့ အခြားဗဟုသုတရစရာတွေကို ရရှိခဲ့ပါတယ်။ ဒီလေ့လာသင်ယူခဲ့ရတာတွေကို ကျမရဲ့ အသိုင်းအဝန်းထဲကို ပြန်ပြီး ဝေမျှသွားမယ်” ဟု ပြောသည်။
၎င်းလူငယ်သင်တန်းကို ယခင်က KNU ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၁)၊ ဘီးလင်းမြို့နယ်၊ ကွီးလေးကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ-JMCတို့ ခွင့်ပြုချက်မရဘဲ မွန်ပြည်နယ်အတွင်း ဆောင်ရွက်ခြင်းကို ခွင့်မပြုကြောင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းဖြင့် မလိုုလားအပ်သည့် ကိစ္စများဖြစ်ပေါ်လာနိုင်သည်ဟုဆိုကာ မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးက ဧပြီလ ၁၈ ရက်နေ့ရက်စွဲဖြင့် KNU တပ်မဟာ (၁) ဆက်ဆံရေးရုံးထံ ကန့်ကွက်စာပေးပို့တား မြစ်ခံခဲ့ရသောကြောင့် KNU တပ်မဟာ(၇) သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ သည်။
၂၀၀၉ ခုနှစ်မှ စတင် ပြုလုပ်ခဲ့သည့် Summer Youth Camp သင်တန်းကို အခြေအနေအမျိုးမျိုးကြောင့် မပြုလုပ်ခဲ့ရသည့် နှစ်များရှိခဲ့သည်ဟု KYO တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရပြီး ယခုနှစ်ဖွင့်လှစ်သည့် သင်တန်းမှာ ၄ ကြိမ်မြောက် လူငယ်သင်တန်းဖြစ်သည်ဟုလည်း သိရသည်။