ဧပြီ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
BNI Multimedia Group-ဘီအဲန်အိုင်ဘက်စုံမီဒီယာအဖွဲ့ မှ ဦးဆောင်ပြုလုပ်မည့် ဆဌမအကြိမ်မြောက် တိုင်းရင်း မီဒီယာညီလာခံကို ဧပြီ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ၊ ဇွဲကပင်ခန်းမတွင် ကျင်းပသွားမည်ဟု BNI တာဝန်ရှိသူများက ပြောသည်။
တိုင်းရင်းမီဒီယာညီလာခံကို BNI အဖွဲ့ဝင် တိုင်းရင်းသားသတင်းဌာနများအခြေစိုက်ရာ ပြည်နယ်များတွင် နှစ်စဉ်ကျင်းပ လာခဲ့ခြင်းဖြစ်ပြီး ယခုကျင်းပမည့် ညီလာခံအခြေအနေများနှင့်ပတ်သက်၍ ကျင်းပရေး ကော်မတီဥက္ကဌဖြစ်သူ ကရင်သတင်းစဉ် အယ်ဒီတာချုပ် နန်းဖော့ဂေက ယခုလိုပြောသည်။
“အခုတစ်ကြိမ်လုပ်တဲ့ တိုင်းရင်းမီဒီယာ ညီလာခံမှာ တိုင်းရင်းမီဒီယာတွေ ရေရှည်တည်တံ့ရေးအတွက် မီဒီယာဆိုင်ရာ အသိတွေ တိုးမြှင့်ပေးဖို့၊ တိုင်းရင်းသားစာပေကို မီဒီယာအားဖြင့် ဘယ်လို တိုးမြှင့်ဆောင်ရွက်သွားမှာနဲ့ တိုင်းရင်းမီဒီယာ မူဝါဒ ရေးဆွဲနိုင်ရေးကို ရည်ရွယ်ပြီး ကျင်းပသွားမှာဖြစ်ပါတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။
သုံးရက်တာ ကျင်းပမည့်ပွဲတွင် တိုင်းရင်းသားမီဒီယာများဖွံ့ဖြိုးတိုးတက်လာရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှု အတွက် ဆွေးနွေးအကြံပြု စာတမ်းများဖတ်ကြားခြင်း၊ တိုင်းရင်းမီဒီယာအခန်းကဏ္ဍနှင့် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုများ မြှင့်တင်ခြင်းဆိုင်ရာ အကြံပြုချက်များ၊ ထုတ်ပြန်ချက်ကြေညာခြင်းအပြင် သတင်းစာရှင်း လင်းပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။
ထို့အပြင် အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် တိုင်းရင်းသား မီဒီယာနှင့် ပြည်တွင်းပြည်ပ အခြေစိုက်မီဒီယာများမှ ကိုယ်စားလှယ်များအပြင် နိုင်ငံအဝှမ်းရှိ အခြား တာဝန်ရှိသူများလည်း တက်ရောက်မည်ဟု ကျင်းပရေးကော်မတီက ပြောသည်။
၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာသော တိုင်းရင်းမီဒီယာညီလာခံကို ပထမအကြိမ်အဖြစ် မွန်ပြည်နယ်၊ ဒုတိယ ရှမ်းပြည်နယ်၊ တတိယ ချင်းပြည်နယ်၊ စတုတ္ထ ရခိုင်ပြည်နယ်နှင့် ပဉ်စမအကြိမ်မြောက်အဖြစ် ကရင်နီ(ကယား) ပြည်နယ်တို့တွင် အသီးသီးကျင်းပခဲ့ပြီးဖြစ်သည်။