ဧပြီ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ်ဇာမျိုးနှင့် သပြေပညာရေးဖောင်ဒေး ရှင်းတို့ ပူးပေါင်းကာ ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်ကျေးရွာ၊ မန်းကလိပ် ပညာဒါနကျောင်း၌ နွေရာသီ အဂင်္လိပ်စာနှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းကို ဧပြီ ၂၃ ရက်နေ့တွင် ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၃ ရက်နေ့၊ နေ့လည် ၁၂ ကျော်တွင် မန်းကလိပ် ပညာဒါနကျောင်း၌ ပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ရန် စီစဉ်ရခြင်းမှာ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံဖြစ်သည့် ပညာရေးကို အားပေးလိုသည့်အတွက်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ်ဇာ မျိုးက ယခုလို ပြောသည်။
“ပညာရေးအားလုံးရဲ့အခြေခံကို ကျမပြန်ကြည့်လိုက်တော့ အဂင်္လိပ်စာဘဲ၊ လူငယ်တွေအနေနဲ့ နည်းပညာ တိုးတက်နေတဲ့ ခေတ်မှာ နည်းပညာရပ်တွေကို ကိုယ့်ဘာသာကိုယ်လေ့လာသင်ယူနိုင်ဖို့ အခွင့်အရေးရှိပေမယ့် မလုပ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ ဘာသာစကားအခက်အခဲကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသမှရှိတဲ့ လူငယ်တွေ ဘဝတက်လမ်းက အဂင်္လိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်တတ်ဖို့ ဒီနေ့ ဒီနေရာမှာ အစပျိုးလိုက်တာဖြစ်ပါတယ်။ ” ဟု ဖွင့်ပွဲ အခမ်းအနားတွင် ပြောသည်။
ယခု သင်တန်းသည် အလုံးစုံပြည့်စုံသည့် သင်တန်းမဟုတ်ဘဲ အဂင်္လိပ်စာ လေ့လာရန်စပျိုးသည့်ပုံစံမျိုး ဖြစ် ကာ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် သင်ခန်းစာများကို သေသေချာချာ စိတ်ဝင်စား လေ့လာသင်ယူ ကြရန်၊ ထိုနောက် သပြေဖောင်ဒေးရှင်းနှင့် ချိတ်ဆက်ကာ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းနိုင်အောင် ကြိုးစား ကြရန် တိုက်တွန်းလိုသည်ဟု မန်းကလိပ် ပညာဒါနကျောင်းတည်ထောင်သူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ကွမ်းခြံကုန်း အမှတ် ၁၊ လွှတ်တော်ကိုယ်စားလှယ် မန်းအောင်ကိုမင်းက ပြောသည်။
ယခုသင်တန်းသို့ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာ ၁ဝ ရွာကျော်မှ ကျောင်းသူ၊ ကျောင်းသား ၁၀ဝ ကျော်တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ဧပြီ ၂၃ မှ မေ ၂၄ ရက်ထိ တစ်လကြာပို့ချသွားမည်ဖြစ်သည်။
သင်တန်းတွင် ၉ တန်း၊ ၁ဝ တန်း တက်ရောက်မည့်သူများ၊ ၁ဝ တန်း စာမေးပွဲ (တက္ကသိုလ်ဝင်တန်း) ဖြေဆိုပြီးသူများ နှင့် တက္ကသိုလ် တက်ရောက်နေသူများအတွက် သီးခြား ကဏ္ဍ သုံးခု ခွဲသင်ကြားသွားမည်ဟု သပြေပညာရေး ဖောင်ဒေးရှင်းမှ ပရိုဂန်ဒါရိုက်တာ ဒေါက်တာဇင်မာဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးအနေဖြင့် ယခုလို အဂင်္လိပ်စာ သင်တန်းကို ပထမဦးဆုံး အကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်း စားစရိတ်အတွက် ကျပ်သိန်း ၃ဝ နှင့် သင်တန်းတွက် လိုအပ်သည့် စာရွက်စာတမ်းများ၊ သင်ထောက်ကူများနှင့် ဆရာ၊ ဆရာမများ သွားလာစရိတ်အတွက် သပြေ ပညာရေး ဖောင်ဒေးရှင်းသို့ ကျပ် ၂၅ သိန်း စုစုပေါင်း ကျပ် ၅၅ သိန်း ပံ့ပိုးပေးပြီး ကျန်လိုအပ်သည့် စရိတ်များ ကို ဝိုင်းဝန်းကျခံသွားမည်ဟု သင်တန်းတာဝန်ခံများက ပြောသည်။