မတ် ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ် သည့် ပညာရှင်များလည်း ပါဝင်မည်ဟု အစိုးရသစ်တွင် မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူမည့်သူ စောအောင်မြင့်ခိုင်က ကေအိုင်စီသို့ ယနေ့ ပြောသည်။
၎င်းက “မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားရေးရာ ကော်မတီဖွဲ့တဲ့အခါ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တဲ့ ပြင်ပ ပညာ ရှင်တွေကိုလည်း ထည့်သွင်းဖွဲ့စည်းသွားမယ်။ ကရင်မှာဆို မော်လမြိုင်က စောဟိုရှေးရယ်၊ သထုံမြို့နယ်မှာနေတဲ့ ကရင်နှစ် သစ်ကူးနေ ့တရားဝင်ရအောင် စတင် တောင်းဆိုပေးခဲ့တဲ့ စောသာဂေးရဲ့ အနွယ်ဝင် စောကျော်မိုးပါမယ်။ ပညာရှင်တွေအနေနဲ့ ကရင့်ရေးရာ ဝိုင်းလုပ်ဖို့အတွက်ပါ။ သူတို့ကို မေးပြီးတော့ နာမည်စာရင်း ထည့်ထားတယ်”ဟု ပြောသည်။
မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ စတင် ဖွဲ့စည်းသည့်အခါ ပြည်နယ်အတွင်း နေထိုင်သည့် မွန်၊ ကရင်၊ ဗမာနှင့် ပအိုဝ်းတိုင်းရင်းသားတခုချင်းစီမှ ပညာရှင်၂ဦးစီ ထည့်သွင်းဖွဲ့စည်းရန် စီစဉ်ထားသည်ဟု စောအောင်မြင့်ခိုင်က ဆက် ပြောသည်။
ထိုသို့ မွန်ပြည်နယ်၊ တိုင်းရင်းသားရေးရာကော်မတီတွင် ပညာရှင်အဖြစ် ပါဝင်ရန် ကမ်းလှမ်းခံရသူတဦးဖြစ်သည့် စောဟိုရှေးမှာ ကရင်အမျိုးသားပါတီ(KNP)၊ မွန်ပြည်နယ် တာဝန်ခံတစ်ဦးဖြစ်သလို ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းပါတီကိုယ်စားပြု မွန်ပြည်နယ် ကရင့်ရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။
ထို့အပြင် မော်လမြိုင်မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရ သည်။ မွန်ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီတွင် ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းခံရသူ စောဟိုရှေးက “အတီးကို လာခေါ်ထားတာတော့ ဟုတ်တယ်။ တိတိကျကျတော့ မသိရသေးဘူး။ တကယ်လို့ ကော်မတီမှာ လုပ်ရမယ်ဆိုရင် ကိုယ့်ကရင်တိုင်းရင်းသားတွေနဲ့ ညီအစ်ကို အခြားတိုင်းရင်းသားတွေရဲ့အရေးကို အတတ်နိုင်ဆုံး လုပ်သွားမယ်လို့ ပြောချင် တယ်”ဟု စောဟိုရှေးက ကေအိုင်စီသို့ ပြောသည်။
၂၀၁ဝ ရွေးကောက်ပွဲပြီးနောက် စတင်ပေါ်ပေါက်လာသည့် ပြည်နယ်လွှတ်တော်များတွင် တိုင်းရင်းသားရေးရာကော်မတီကို ထည့်သွင်းဖွဲ့စည်းမှုများ ရှိခဲ့ဖူးသော်လည်း လှုပ်ရှားမှုအပိုင်း အားနည်းကာ လူသိနည်းပြီး ယခု ဒုတိယအကြိမ် ပြည်နယ်လွှတ် တော်တိုင်းရင်းသားရေးရာကော်မတီများ မည်သို့လုပ်ဆောင်သွားမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဟု မွန်ပြည်နယ်အတွင်း ဒေသခံများက ပြောဆိုနေကြသည်။



















