နိုဝင်ဘာလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ(ကေအိုင်စီ)
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဖွင့်လှစ်ထားသည့်သပိတ် စခန်းများ ကို လုံခြုံရေးရဲများ၏ အကြမ်းဖက် တိုက်ခိုက်ခံရ မှုကြောင့် ရဟန်းသံ ဃာတော် များအပါအဝင် ထိခိုက်ဒဏ်ရာရ သူပေါင်း ၆၀ကျော် ဆေးကုသမှုခံယူနေ ရကြောင်း သိရသည်။
ယမန်နေ့ သန်းခေါင်ယံအချိန်မှစတင်၍ ရဲများက မီးလောင်ဗုံး၊ မျက်ရည်ယိုဗုံးများကို အသုံးပြုကာ သပိတ်စခန်းအတွင်းသို့ ပစ်သွင်းစီးနင်းခဲ့သောကြောင့် အဆိုပါ သူများဒဏ်ရာရရှိခြင်းဖြစ်ပြီး လက်ရှိ မန္တလေးဆေးရုံနှင့် မုံရွာဆေးရုံတို့တွင် ဆေးကုသခံယူနေရသည်ဟု ရန်ကုန်ပြည်သူ့အကျိုးတော် ဆောင် ကွန်ယက်မှ ကိုဝေမှူးသွင်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “အခုဖြစ်သွားတဲ့တာ ဂုဏ်သိက္ခာရှိသည့် အစိုးရရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ နောက် ပညာရှင်တွေရဲ့ တွေ့ရှိ ချက်အရ အဲဒီဗုံးတွေက ဓါတုဗေဒလက်နက်တွေမှာသုံးတဲ့ အဆိပ်သင့်စေနိုင်တဲ့ ဓါတ်ငွေ့တွေ ပါတယ် ဆိုတာကတော့ သေချာပါတယ်”ဟု ပြောသည်။
ယခု ယင်းဒဏ်ရာရရှိသူ ၆၀ကျော်အနက် သံဃာ့ခေါင်းဆောင် ဦးတိက္ခ၊ ဦးဝိသုတ၊ဦးဉာဏ သာမိ၊ ဥူးစိတ္တ၊ ဥူးခိန္ဒ၊ဦးဩဘာသ၊ ဦးဉာဏသီလစသည့် သံဃာပေါင်း ၄ဝ ခန့်ဒဏ်ရာရရှိခဲ့ကြဟုလည်း ကိုဝေမှူးသွင်က ဆက်ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညနေ ၄နာ ရီခန့်က မုံရွာမြို့သို့ သွားရောက်ပြီး ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသူများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တဆက်တည်းမှာပင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ရေးအဖွဲ့က ဆန္ဒပြနေသူများကို နိုဝင်ဘာလ ၂၇ရက်နေ့ ည(၁၂)နာရီ နောက်ဆုံးအချိန်ထားပြီး ဖယ်ရှားပေးရန် သတင်းထုတ်ပြန်ခဲ့သော်လည်း လိုက်နာမှုမရှိဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုင်ငံတကာအသုံးပြုသည့် မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများကို အသုံးပြု၍ အဓိကရုဏ်နှိမ်နှင်းခဲ့ခြင်းဖြစ်သည်ဟု ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရလက်ထက်မှစ၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုး တက်စေရေးအတွက် သဘာဝသယံဇာတ ထုတ်ယူမှုနည်းလမ်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်း ဆုံးဖြင့် နိုင်ငံတကာပြဌာန်းချမ်းများ နည်းပညာများအသုံးပြုဆောင်ရွက်ခဲ့ကြောင်း၊ ယခု ဥပဒေ နှင့်မညီစွာ လူစုလူဝေးနှင့် ဆူပူဆန္ဒပြလာခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ယနေ့နေ့လည် အချိန်မှစတင်ပြီး ကြေးနီတောင်စီမံကိန်းရပ်ဆိုင်းရေးတွင် ပါဝင်လှုပ်ရှားနေ သူများဖြစ် သည့် ကိုဟန်ဝင်းအောင်၊ ကိုမိုးသွေး၊ ကိုသီဟဝင်းတင်၊ ကိုအောင်နိုင်ဦးတို့နှင့် ဗကသအဖွဲ့ ဝင် သီဟစန်းဝင်း၊ ကျော်ကိုကို၊ နန္ဒာစစ်အောင်တို့ကို သက်ဆိုင်ရာအစိုးရမှ လိုက်ဖမ်းဆီးနေသည်ဟု ကိုဝေမှူးသွင်က ဆိုသည်။
နိုဝင်ဘာလ ၂၇ရက်နေ့ကလည်း ရန်ကုန်မြို့တွင် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်း ရေးဆန္ဒပြခဲ့သည့် နော်အုန်းလှ၊ ကိုရဲလင်း၊ဝေဠု၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်ရှမ်းမတို့ကို ရဲပုဒ်မ (၁၈)ဟု လိမ်လည်ပြီး တရားရုံးအရောက်တွင် အာမခံ၍မရသည့် ပုဒ်မ (၅၀၅/ခ)ဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်းသိရသည်။
လက်ရှိ အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသူများသည် နိုဝင်ဘာလ ၂၆ရက်နေ့က ရန်ကုန်မြို့၌ ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် ဆန္ဒထုတ်ဖော်ရာတွင် သက်ဆိုင်ရာအစိုးရထံ ခွင့်ပြုချက် မတောင်းခံခဲ့သူ များဖြစ်ပြီး ၎င်းတို့ကို လာမည့် ဒီဇင်ဘာလ ၃ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်ဟု သိရသည်။