Home သတင်း ‌ရွေး‌ကောက်ပွဲစနစ် ပြုပြင်‌ပြောင်း လဲ‌ရေး တိုင်းရင်းပါတီတချို့ လက်မခံ

‌ရွေး‌ကောက်ပွဲစနစ် ပြုပြင်‌ပြောင်း လဲ‌ရေး တိုင်းရင်းပါတီတချို့ လက်မခံ

1917
ဇူလိုင်လ ၃ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကရင်သတင်းဌာန)

‌ရွေး‌ကောက်ပွဲစနစ်ပြုပြင်‌ပြောင်းလဲ‌ရေးကို ဒီမိုက‌ရေစီမိတ်‌ဆွေပါတီများက ‌ကြေညာချက် ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီ အချို့က လက်မခံနိုင်‌ကြောင်း ပါတီ‌ခေါင်း‌ဆောင်များက ‌ပြောသည်။

ဇူလိုင်လ ၂၈ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည့် ထို‌ကြေညာချက်တွင် Proportional Representation စနစ်ကို ‌ပြောင်းလဲခြင်းအားဖြင့် တစ်ပါတီ ကြီးစိုးမှုပုံစံကို အကာအကွယ်‌ပေးနိုင်သလို ၎င်းစနစ်ကို ကျင့်သုံးခြင်းအားဖြင့် မဲဆန္ဒရှင်တို့၏ မဲများ အလဟဿ မဖြစ်‌စေ ‌ကြောင်း ပါရှိသည်။

ဒီမိုက‌ရေစီမိတ်‌ဆွေပါတီများ၏ ‌ရွေး‌ကောက်ပွဲစနစ်ပြုပြင်‌ပြောင်းလဲ‌ရေးသည် မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့ခြင်း မရှိ‌သေးသည့်အတွက် ‌ကောင်းကျိုး ဆိုးကျိုးများကို အချိန်ယူ သုံးသပ်သင့်‌ကြောင်း ရခိုင်အမျိုးသားတိုးတက်‌ရေးပါတီ အတွင်း‌ရေးမှူး ဦးလှ‌စောက ယခုလို ‌ပြောသည်။

“အဲဒီစနစ်ကို ကျ‌နော်တို့ ‌လေ့လာသင့်တာ‌ပေါ့‌လေ။ ‌ကောင်းတာရှိသလို ဆိုးတာ‌တွေလဲရှိတယ်။ နိုင်ငံတိုင်းမှာ ကျင့်သုံး‌နေတာလည်း မဟုတ်ဘူး။ အားသာချက် အားနည်းချက်‌တွေကို ‌လေ့လာပြီး သင့်‌တော်လား မသင့်‌တော်ဘူးလားဆိုတာ အများကြီး လုပ်ရဦးမယ်။ တစ်ထိုင်တည်းနဲ့ ဆုံးဖြတ်လို့မရဘူး”ဟု ဦးလှ‌စောက ‌ပြောသည်။

၎င်းအပြင် လူမျိုး‌ရေးပြဿနာ ရှင်းလင်းမှုမရှိသည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် အ‌ခြေအ‌နေများ‌ကြောင့်လည်း ထိုစနစ်ကို ရခိုင် အမျိုးသားတိုး‌ရေးပါတီ ‌ခေါင်း‌ဆောင်တချို့နှင့် ရခိုင်အမျိုးသားတို့အကြား ကန့်ကွက်မှုရှိ‌နေသည်ဟုလည်း သူက ဆက်‌ပြောသည်။

အလားတူ မွန်‌ဒေသလုံးဆိုင်ရာဒီမိုက‌ရေစီပါတီကလည်း ဒီမိုက‌ရေစီမိတ်‌ဆွေပါတီများ၏ သ‌ဘောထားထုတ်ပြန်ချက်သည် မွန်ပါတီနှင့် ‌ဆွေး‌နွေးခဲ့ခြင်းမရှိသလို ၎င်းကို ပါတီအ‌နေနှင့် လက်ခံနိုင်သည့်အချက်မဟုတ်‌ကြောင်း အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါက်တာ နိုင်ဗညား‌အောင်မိုးက ‌ပြောသည်။

‌ဒေါက်တာနိုင်ဗညား‌အောင်မိုးက “အခုထုတ်ပြန်လိုက်တဲ့ ‌ကြေညာချက်ဟာ ကျ‌နော်တို့ပါတီနဲ့ ကြိုတင်‌ဆွေး‌နွေးတာမရှိဘူး။ ကျ‌နော်တို့ ပါတီအ‌နေနဲ့ လက်ခံနိုင်တဲ့ဟာလည်း မဟုတ်ဘူး။ ချွတ်ယွင်းချက်ရှိလို့ ထုတ်တဲ့သ‌ဘောမျိုး မဟုတ်ပါဘူး။ နည်းလမ်းသစ်ရှာတဲ့ သ‌ဘော မျိုးပါ”ဟု ဆိုသည်။

‌ရွေး‌ကောက်ပွဲစနစ် ပြုပြင်‌ပြောင်းလဲ‌ရေးအတွက် ဒီမိုက‌ရေစီ မိတ်‌ဆွေပါတီများနှင့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဋ္ဌ ဦးတင်‌အေးတို့ ဇူလိုင် လ ၂၇ရက်‌နေ့တွင် ‌တွေ့ဆုံး‌ဆွေး‌နွေးခဲ့ကြပြီး ရလာဒ်များအ‌ပေါ် အ‌ကောင်းဆုံး သုံးသပ်ကာ လိုအပ်သလို ဆုံးဖြတ်‌ဆောင်ရွက်သွားရန် ပြည်‌ထောင်စုလွှတ်‌တော်သို့ ဆက်လက် တင်ပြသွားမည်ဟုလည်း ဦးတင်‌အေးက ‌ပြောခဲ့သည်။

ဒီမိုက‌ရေစီ မိတ်‌ဆွေပါတီတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေးပါတီ၊ သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်‌ထောင်စုဒီမိုက‌ရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်‌ရေးပါတီ၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုက‌ရေစီအင်အားစုပါတီနှင့် ညီညွှတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးပါတီတို့ ပါဝင်သည်။