ဇွန်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရတပ်တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူထားပြီးနောက် ယမန်နေ့က ၎င်းတို့နှစ်ဖွဲ့အကြား ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ကရင်နီပြည်နယ်၊ မော်ချီးဒေသအတွင်း လှုပ်ရှားနေသည့် ကရင်နီတပ်မတော်နှင့် အင်အား ၈ဝခန့်ရှိသည့် မြန်မာအစိုးရ တပ်ရင်း(၅၃၀)တို့ ဇွန်လ ၂၈ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ အတွင်းရေးမှူး(၁) ခူဦးရယ်က အတည်ပြု ပြောဆိုသည်။
“ကျနော်တို့နဲ့ အစိုးရကြားမှာ တိကျတဲ့ သဘောတူညီချက်တော့ မရှိသေးဘူး။ ဒါပေမယ့် ကျနော်တို့က ကျနော်တို့ ဧရိယာထဲမှာ ဗမာတပ်တွေ မသွားလာဖို့ သွားလာနေတာရှိရင်လည်း ပြန်ရုပ်သိမ်းပေးဖို့ ပြောထားတာရှိတယ်”ဟု ခူဦးရယ်က ပြောသည်။
အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူထားခဲ့စဉ်က အစိုးရတပ်များ သတ်မှတ်ထားသည့် မိမိတပ်တွင်း၌သာ လှုပ်ရှား သွားလာရန်နှင့် ကရင်နီတပ်မတော် ထိန်းချုပ်ရာနယ်မြေဒေသအတွင်း ဝင်ရောက်လှုပ်ရှားမှု မပြုလုပ်ရန် သဘောတူညီ မှု ပြုလုပ်ထားခဲ့သည်။
သို့သော်လည်း ကရင်နီထိန်းချုပ်ရာနယ်မြေအတွင်းတွင် အစိုးရတပ်များ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်သည့်အတွက် ကရင်နီတပ်မတော်များနှင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်။
ခူဦးရယ်က “ကျနော်တို့ နယ်မြေထဲမှာ အစိုးရတပ် ရှိ မရှိ သူတို့ (အစိုးရ)တပ်ကို မေးတယ်။ သူတို့တပ် မရှိဘူးလို့ ပြော တယ်။ အမှန်က ကျနော်တို့ နယ်မြေထဲမှာ သူတို့တပ်တွေ ဆက်ရှိနေဆဲပဲ။ ဒါဟာ သူတို့ဘက်က ရိုးသားမှုမရှိဘူးပေါ့”
ထိုတိုက်ပွဲတွင် ကရင်နီတပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း မြန်မာအစိုးရတပ်ဘက်ကမူ ၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိသည်ဟု ခန့်မှန်းသိရှိရသည်။
ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲကိစ္စကို ကယားပြည်နယ်ဝန်ကြီးချုပ် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးထံ အကြောင်းကြားထား ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်ဦး နှစ်ဖက် ညှိနှိုင်းဆွေးနွေးသွားမည်ဟုလည်း ၎င်းက ပြောသည်။