အောက်တိုဘာ (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ် အတွင်း ရေဘေးဒဏ်အပြင်းအထန်ခံရသည့် သညော်စီ(ကညင်ချောင်း)ကျေးရွာသို့ အောက်တိုဘာ (၃၀)ရက်နေ့က စစ်အုပ်စုမှ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ရာ အသက်(၁၀)နှစ်အရွယ် ကလေးငယ်အပါအဝင် (၄)ဦး သေဆုံးပြီး (၃) ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၂၇)ရက်နေ့က ရေဘေးကြောင့် လူသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုများပြားခဲ့သည့် အဆိုပါကျေးရွာသို့ ယမန်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်တွင် စစ်အုပ်စုက (K8W)အမျိုးအစား ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး နှစ်လုံး၊ ပေါင်(၃၀၀)ဗုံး နှစ်လုံး ကြဲချခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ (၉၃)နှစ်အရွယ် အဖွားအိုတစ်ဦးနှင့် အသက်(၂၀)ကျော်အရွယ် အမျိုးသား(၂)ဦးတို့ စုစုပေါင်း(၄)ဦး သေဆုံးသွားသည်။ ထို့အပြင် အသက်မပြည့်သေးသည့် မိန်းကလေး(၂)ဦးနှင့် နောက်ထပ်အမျိုးသား(၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ကေအဲန်ယူ တပ်မဟာ(၄) ကဆိုသည်။

လူထိခိုက်သေဆုံးမှုများသည့်အပြင် လူနေအိမ်(၂)လုံး၊ စာသင်ကျောင်း (၁)ကျောင်းနှင့် ဆိုင်ကယ် (၂)စီးလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
ကေအဲန်ယူ၊ တပ်မဟာ(၄)နယ်မြေ၊ သညော်ဆီကျေးရွာမှာ ယခင်လက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့်အတွင်း လူ(၂)ဦးသေဆုံးပြီး အိမ်ခြေ(၃၇၆)လုံးလည်း ပျက်စီးဆုံးရှုံးမှုရှိခဲ့သော ကျေးရွာတစ်ခုဖြစ်သည်။
သဘာဝဘေးဒဏ်သင့်မှုမှ ပြန်လည်ထူထောင်နေရသည့် ကျေးရွာနေ ပြည်သူလူထု (၁,၆၅၇) ဦးသည် စားနပ်ရိက္ခာနှင့် နေထိုင်ရေးအခက်အခဲကြုံတွေ့နေရသည့် အချိန်ဖြစ်သော်လည်း စစ်အုပ်စုဘက်မှ ထိုသို့ လေယာဉ်ဖြင့် ဗုံးလာကြဲသွားခြင်းဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ(၄)၏ ထုတ်ပြန်ချက်အရ သိရသည်။


















