Home ဆောင်းပါး ကော်သူးလေပညာရေး၏ မီးအိမ်ရှင်များ အားမာန်

ကော်သူးလေပညာရေး၏ မီးအိမ်ရှင်များ အားမာန်

19

ကော်သူးလေပညာရေး၏ မီးအိမ်ရှင်များ အားမာန်

ဏင်ဏင့်

(အောက်တိုဘာ ၃၀ ၊ ၂၀၂၆)

တောတောင်ကာရံထားတဲ့ တောင်ခြေတစ်ခုမှာ ဓနိခေါင်မိုးနဲ့ ဝါးထရံ ကာရံထားတဲ့ စာသင် ကျောင်းအဆောက်အဦးတစ်ခုထဲမှာ ရောင်စုံကရင်ဝတ်စုံနဲ့ အဖြူအပြာ ကျောင်းယူနီ ဖောင်းဝတ်ဆင်ထားတဲ့ ကျောင်းသားကျောင်းသူ အယောက် ၁၀၀ ဝန်းကျင်ခန့်က နှစ်ဝက်စာမေးပွဲဖြေဆိုဖို့ စောင့်ဆိုင်းနေကြပါတယ်။

စာသင်ကျောင်းသာဆိုပေမဲ့လည်း တဲတစ်လုံးအနေအထားလောက်သာ ရှိနေပါတယ်။ သို့ပေမဲ့လည်း ပညာနို့ရည်အပြည့်အဝရရှိဖို့ ကျောင်းသူကျောင်းသား ကလေးငယ်မြောက်များစွာက ထိုစာသင် ကျောင်းဆောင်မှာ လာရောက်စုဝေး ကျောင်းလာတက်နေကြတာဖြစ်ပါတယ်။

စာသင်ကျောင်းက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်းက အလယ်တန်းကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

ကရင်အလံတိုင်ရဲ့အောက်မှာ ကျောင်းသုံးပစ္စည်းတွေထားရှိပြီး ကျောင်းဆရာ၊ ဆရာမတွေရဲ့ ရုံးခန်း လည်းဖြစ်တဲ့ ခြေတံရှည်အဆောက်အဦးသေးတစ်လုံးအပြင် ဘေးနားမှာတော့ မြေကြီးနဲ့တစ်ပြေးညီ ဆောက်လုပ်ထားတဲ့ ယိုင်တိုင်တိုင်ဖြစ်တဲ့ စာသင်ကျောင်းဆောင် နှစ်လုံးရှိပါတယ်။

စာသင်ကျောင်းဆောင်ရဲ့ဘေးမှာတော့ လက်နက်ကြီးကျည်ကျရောက်လာပါက အကာအကွယ်ယူနိုင်ရန် အသက်ကယ်ကတုတ်ကျဉ်းတွင်း ၅ ခုခန့်ကို ကျောင်းပတ်ပတ်လည်မှာ ဟိုတစ်တွင်းဒီတစ်တွင်း တူးဆွထားကြပါတယ်။

ကျောင်းတွင်းရှိ ကလေးငယ်များအနေနဲ့ နေ့ခင်းပိုင်းတွေမှာ စာသင်ကျောင်းမှာ ရှိနေကြပေမယ့် ညပိုင်းမှာတော့ ရွာထဲကအိမ်တွေမှာ ပုံမှန်မအိပ်ရဲကြဘဲ မိသားစုတွေနဲ့အတူ ရွာပြင်တောထဲဝင်ကာ လျှိုတွေနဲ့ ချောင်းဘေးတွေမှာ တဲတွေထိုးပြီး နေထိုင်ကြရပါတယ်။

ဝေးလံခေါင်ဖျားတဲ့နေရာမှာ တည်ရှိတဲ့ စာသင်ကျောင်းဖြစ်သလို ကျောင်းသားနဲ့ ကလေး ငယ်အရေအတွက် မျှတစေဖို့အတွက် ကျောင်းဆရာ၊ ဆရာမ (၅) ဦး ခန့်အပ်ထားရှိပါတယ်။ ကလေးများ ပညာသင်ကြားရေးအတွက် လူ့အရင်းအမြစ် လုံလောက်မှုရှိပေမဲ့လည်း စာသင်ကျောင်းဆောင်နဲ့ စာရေးကိရိယာ သင်ထောက်ကူ ထောက်ပံ့မှုတွေမှာမူ လုံလောက်မှု မရှိခဲ့ပါဘူး။

ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့လည်း နေ့စဉ်စာသင်ကျောင်းထဲမှာ အချိန်ပေးပြီး ကလေးတွေကို ပုံမှန် စာသင်ကြားပေးနေကြပေမဲ့လည်း လုံလောက်တဲ့လစာ ထောက်ပံ့မှု မရရှိကြပါဘူး။ ဒေသအခေါ်အရ ကျောင်းဆရာ၊ ဆရာမတွေကို ထောက်ပံ့တာက “မုန့်ဖိုး” လို့သာ ရှိတယ်လို့ ဆိုကြပါတယ်။

သို့ပေမဲ့ လုံလောက်တဲ့လစာ မရရှိကြသော်လည်း ဆရာ၊ ဆရာမတွေကတော့ သူတို့ တတ်ကျွမ်း တဲ့ပညာနဲ့ ဒေသခံကလေးငယ်များ စာတတ်မြောက်ရေးအတွက် ပဋိပက္ခအတွင်း အတတ်နိုင်ဆုံး စာသင်ကြားပေးနေကြတာ တွေ့ရှိရပါတယ်။ ထိုစာသင်ကျောင်းဟာ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး လိုအပ်တဲ့ကျောင်းသုံးပစ္စည်းနဲ့ ဆရာ၊ ဆရာမ ထောက်ပံ့မှုများကို KECD က တာဝန်ယူ ထောက်ပံ့ပေးတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်နဲ့ ဒေသတွင်း ပဋိပက္ခဒဏ်တွေကြားက ရွာသူရွာသား ကျောင်းသားမိဘတွေကလည်း ကျောင်းဆရာ၊ ဆရာမတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆန်ရိက္ခာတွေ ထောက်ပံ့ပေးကာ ပြန်လည်ကူညီပေးမှုတွေ ရှိနေပါတယ်။

ကော်သူးလေဒေသမှာ ၂၀၂၁ ခုနှစ်ကစတင်ပြီး တစ်ကျော့ပြန်ပဋိပက္ခတွေ ပြန်လည်ပြင်း ထန်လာ တာကြောင့် နေအိမ်များ မီးရှို့ခံရတာ၊ စာသင်ကျောင်းတွေ လေယာဉ်ဗုံးကြဲခံရတာတွေကြောင့် ပညာရေးကဏ္ဍမှာ အရင်ကထက် စိန်ခေါ်မှုတွေ ပိုမိုရှိလာနေပါတယ်။ တချို့နေရာတွေမှာ စာသင်ကျောင်း ရှိနေသော်ငြားလည်း အာဏာသိမ်းထားတဲ့ စစ်အုပ်စုဘက်က ပညာရေးအဆောက်အဦးပါမကျန် တိုက်ခိုက်တာကြောင့် အဆောက်အဦးတွေကို စာသင်ကြားတဲ့နေရာအဖြစ် မသုံးရဲတော့တဲ့အထိ ဖြစ်လာနေပါတယ်။

ဒါကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျေးရွာတာဝန်ရှိသူတွေဟာ စာသင်ကျောင်းကို အဆင်ပြေ မဲ့နေရာတွေမှာ လူစုတွေခွဲပြီး ပြောင်းရွှေ့စာသင်ကြားနေရပါတယ်။ တချို့နေရာတွေမှာဆိုရင် လှိုဏ်ဂူတွေထဲအထိ သွားရောက်ပြီး နေရာပြောင်းရွှေ့သင်ကြားနေရတာတွေ ရှိနေပါတယ်။

“အခုအခြေအနေက ကလေးတွေက ကျောင်းစာသင်ခန်းထဲမှာ စာမသင်ရတော့ ရွာထဲက လူနေအိမ်ထဲမှာလည်း သင်ရတယ်။ ကြာလာတော့ သူတို့အတွက်လဲ လုံခြုံမှုမရှိတော့ ငြိုငြင်လာကြတယ်။” လို့ ဒူးပလာယာခရိုင် ပညာရေးမှူး ပဒိုနော်ဖောသေးဒေက ပြောပါတယ်။

လေယာဉ်ဗုံးကြဲဒဏ်၊ လက်နက်ကြီးပစ်ခတ်မှုဒဏ်တွေကြားက စိုးရိမ်စိတ်၊ အခက်အခဲအများနဲ့ ကျောင်းဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ လုံခြုံရေးကို တစ်ဖက်က တာဝန်ယူပေးရင်း တစ်ဖက်ကလည်း ပညာသင်ကြားပေးနေရပါတယ်။ အခက်အခဲတွေကြားထဲက ဝါသနာနဲ့ စေတနာကြောင့်သာ အခုလိုကာလမှာ အနစ်နာခံပြီး စာသင်ပေးနိုင်တာဖြစ်တယ်လို့ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ စောအောင်လင်းက ဆိုပါတယ်။

“အခုချိန်မှာ ကျနော်တို့လူငယ်တွေဆိုရင် ဒီလိုမျိုးအခက်အခဲကြားမှာ စာသင်တဲ့ဝါသနာက အရမ်း နည်းပါတယ်။ လစာမရှိဘဲ ဒီကလေးတွေကိုသင်ပေးနိုင်တာက စေတနာရှိလို့ ကိုယ်ချင်း စာရှိလို့သာလုပ်နိုင်တာ လွယ်တော့မလွယ်ဘူး” လို့ ကျောင်းဆရာ စောအောင်လင်းက ပြောပါတယ်။

ကော်သူးလေဒေသမှာ လစာမရတဲ့ ကော်သူးလေကျောင်းဆရာ၊ ဆရာမတွေကို ထောက်ပံ့ ကြေးပေး တဲ့အနေနဲ့ KECD ဘက်က တစ်ဦးကို တစ်နှစ် ဘတ် (၁၂,၀၀၀) ထောက်ပံ့ကူညီပေးခဲ့တာ ရှိပါတယ်။ သို့ပေမဲ့လည်း နိုင်ငံတကာကနေ ရရှိတဲ့ပညာရေးထောက်ပံ့မှု ရန်ပုံငွေတွေ လျှော့ချခံနေရတာကြောင့် ကျောင်းဆရာ၊ ဆရာမတွေအတွက် နှစ်စဉ်ထောက်ပံ့ကြေးပေးဖို့ရာ KECD မှာပါ စိန်ခေါ်မှုတွေ ရှိလာနေပါတယ်။

၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်မှာ ကော်သူးလေကျောင်းဆရာ၊ ဆရာမတစ်ဦးကို တစ်နှစ်မှ ထောက်ပံ့ကြေး (၇,၅၀၀) ဘတ်အထိသာ ပေးနိုင်ခဲ့ပါတယ်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် စာရင်းများအရ ကော်သူးလေဒေသအတွင်း KECD ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ကျောင်းဆရာ၊ ဆရာမ (၁၁,၉၃၉) ဦး၊ ကျောင်းသူကျောင်းသား (၁၄၉,၇၂၈) ဦးနဲ့ စာသင်ကျောင်းပေါင်း (၁,၇၃၈) ကျောင်း ရှိနေပါတယ်။

ဒါကြောင့် ၂၀၂၆ ခုနှစ် ဇွန်လမှာ KECD နဲ့ ကရင်ဆရာဆရာမများလုပ်ငန်းအဖွဲ့ (KTWG) တို့ ပူးပေါင်းပြီး ကော်သူးလေကျောင်းဆရာ၊ ဆရာမများကို ထောက်ပံ့ကူညီနိုင်မယ့် ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းတစ်ခုကို စတင်ပြုလုပ်ခဲ့ပါတယ်။

ကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက်က ကျောင်းဆရာ၊ ဆရာမတစ်ဦးကို တစ်နှစ် ဘတ် (၁၂,၀၀၀) ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကော်သူးလေဒေသက အခက်အခဲကြားက ဆရာ၊ ဆရာမတွေရဲ့ ပေးဆပ်မှုအခြေအနေနဲ့ ကျောင်းသားကျောင်းသူတွေရဲ့ စာသင်ကြားနေရတဲ့ အခြေအနေများကို ချပြလိုတဲ့ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနရဲ့ ဌာနမှူး ပဒိုစောလောအယ်မှူးက “အခုလို အခက်အခဲ အကြပ်အတည်းဖြစ်နေတဲ့အချိန်မှာ ဆရာ၊ ဆရာမတွေနဲ့ရော ကျောင်းသူကျောင်းသားတွေ အခက်အခဲကြုံနေရတယ်ဆိုတာ အားလုံးမမေ့ကြဖို့ မျှော်လင့်ပါတယ်။ ကမ်ပိန်းမှာ ပါဝင်နေတဲ့ လူအယောက်စီတိုင်းဟာ ကရင်လူငယ်တွေရဲ့ သူတို့ရဲ့အနာဂတ်ကို ပုံဖော်နေတဲ့အခါ ဝိုင်းဝန်းကူညီပေးနေကြတဲ့သူတွေဘဲ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ပညာရေးကမ်ပိန်းအတွက် ၂၀၂၆ ခုနှစ် ဇွန်လကစပြီး စက်တင်ဘာလအထိ ၄ လကြာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ (USD 100,000) ပမာဏအထိ ပစ်မှတ်ထားသတ်မှတ်ခဲ့ပါတယ်။ သို့ပေမဲ့လည်း ကမ်ပိန်းမှာပါဝင်လှူဒါန်းသူ နည်းပါးနေသေးတဲ့အတွက် ဇူလိုင်လအထိမှာ အမေရိ ကန်ဒေါ်လာ (၂၀,၀၀) အထိသာ ရရှိသေးပြီး လိုအပ်ချက် (၈၀) ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ KECD ဘက်က ထုတ်ပြန်ထားပါတယ်။ ထိုသို့ လိုအပ်ချက်တွေရှိနေခြင်းကြောင့် ကမ်ပိန်းကာလကို နိုဝင်ဘာလအထိ ဆက်လက်တိုးမြှင့်ထားရတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်ကစပြီး ကော်သူးလေဒေသမှာ တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုဘက်က ၂၀၂၆ ခုနှစ်အထိ ပညာရေးအဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း (၆၀) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ကော်သူးလေ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့ ကမ္ဘာ့ဆရာများနေ့မှာ ထုတ်ပြန်ထားပါတယ်။

ထိုတိုက်ခိုက်မှုတွေကြောင့် ကျောင်းသူကျောင်းသား (၄၁) ဦး သေဆုံးခဲ့ရပြီး (၉၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းဆရာ၊ ဆရာမများအပါအဝင် ပညာရေးလုပ်သား စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ပဋိပက္ခကာလအတွင်း ပညာရေးခက်ခဲကြမ်းတမ်းမှုတွေ ဘယ်လောက်ပင်ရှိပါစေ၊ ပညာရေးအဆောက်အဦး တိုက်ခိုက်ခံရမှုတွေ ဘယ်လောက်ပင်ကြုံရပါစေ ကော်သူးလေကျောင်းဆရာ၊ ဆရာမတွေရဲ့ အနစ်နာခံမှုနဲ့ ပေးဆပ်မှုကတော့ အနာဂတ်ကလေးငယ်တွေရဲ့ ပညာရေးအတွက် အလင်းပြ မီးအိမ်ရှင်များအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။