Home သတင်း လယ်ဒိုမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

လယ်ဒိုမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

25
Photo: KNU

သြဂုတ် ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (တပ်မဟာ ၃)၊ လယ်ဒိုမြို့နယ်တွင် အာဏာသိမ်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သောင်ပုကျေးရွာနေ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့တွင် နတ်သံကွင်းအခြေစိုက် အာဏာသိမ်းစစ်တပ်က ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးကျည်တစ်လုံး သောင်ပုကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၅၄ နှစ်အရွယ် နော်ကြည်ထူးဆိုသူ ထိမှန်သေဆုံးခဲ့ရခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်း စစ်တပ်သည် ဧပြီလမှ ဇူလိုင်လအထိ ၄ လတာကာလအတွင်း ကော်သူးလေဒေသ၌ အရပ်သားအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု ဩဂုတ်လ ၁၉ ရက်နေ့ ထုတ် KNU -ကရင်အမျိုးသားအစည်းအရုံး၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို ၄ လတာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၂၈ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၂၉ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၀၃ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂ ကြိမ်နှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှု ၁၇ ကြိမ်အထိ စစ်အုပ်စုက ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။