Home သတင်း ဖရူဆိုတွင် စစ်အုပ်စုတပ်က နေအိမ် ၈၀ ကျော်ခန့် မီးရှို့ဖျက်ဆီးဟု KNDF ထုတ်ပြန်

ဖရူဆိုတွင် စစ်အုပ်စုတပ်က နေအိမ် ၈၀ ကျော်ခန့် မီးရှို့ဖျက်ဆီးဟု KNDF ထုတ်ပြန်

335
Photo: KNDF

ဇွန်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ်လမှ မေလအထိ ၃ လအတွင်း ဒေသခံ ကျေးရွာ ၃ ရွာရှိ အရပ်သား ပြည်သူတို့၏ နေအိမ် ၈၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေး (KNDF) က ယမန်နေ့ ( ဇွန်လ ၃ ရက်နေ့)တွင် သတင်းထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စု စစ်ကြောင်းများသည် ကျေးရွာရှိ ဒေသခံပြည်သူတို့၏ နေအိမ်များကို တစ်ရွာပြီးတစ်ရွာ ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများကို ဗြောင်ဗြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်သည်ဟု KNDF က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဘူးခူကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် စစ်အုပ်စုစစ်ကြောင်းသည် အရပ်သားပိုင် နေအိမ် ၁၆ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သလို မေလ ၆ ရက်နေ့တွင်လည်း ထားလဲကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်ကာ ဆက်လက် မီးရှို့ ဖျက်ဆီး ခဲ့သောကြောင့် ဒေသခံပြည်သူများ၏ နေအိမ် ၆၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

Photo: KNDF

ထို့အပြင် မေလ ၇ ရက်နေ့တွင်လည်း ၎င်းထားလဲကျေးရွာ အထက်ဘက်ရှိ ပရယ်တော်ကျောက်သို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ် ၄ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ၃ လအတွင်း ဖရူဆိုမြို့နယ်၌ ကျေးရွာ ၃ ရွာရှိ အရပ်သားပိုင်နေအိမ် စုစုပေါင်း ၈၀ ကျော်ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါစစ်အုပ်စုစစ်ကြောင်းများသည် ဖရူဆို – ဘောလခဲ လမ်းမကြီးတစ်လျှောက်တွင် ခြေကုပ်စခန်းများချကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသောကြောင့် ဒေသခံ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

၎င်းအပြင် စစ်အုပ်စုဘက်မှ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ နေ့စဉ်ရက်ဆက် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေသည့်အတွက် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရသည်ဟု သိရသည်။