Home သတင်း လူနာပါမှဆီရောင်းပေးသဖြင့် တောင်ငူမြို့ရှိ လိုင်စင်မဲ့လူမှုကယ်ဆယ်ရေးယာဥ်များ အခက်တွေ့

လူနာပါမှဆီရောင်းပေးသဖြင့် တောင်ငူမြို့ရှိ လိုင်စင်မဲ့လူမှုကယ်ဆယ်ရေးယာဥ်များ အခက်တွေ့

436
Photo:T Rescue

ဧပြီ (၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တောင်ငူမြို့ရှိတွင် စက်သုံးဆီဆိုင်ကြီးအချို့မှာ လိုင်စင်မဲ့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ လုပ်ငန်းလုပ်ဆောင်ရန် ယာဥ်ပေါ်လူနာအမှန်တကယ်ပါရှိမှသာ ဆီရောင်းပေးသဖြင့် ပို့ဆောင်သွားလာရေးအခက်တွေ့နေကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

တောင်ငူအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်အုပ်စုက ဆီအကြပ်အတည်းအဆင်ပြေရန်ဆိုကာ လိုင်စင်မဲ့ယာဥ်များ ဆီမရောင်းပေးခြင်း၊ QR စနစ်ဖြင့်ဆီထည့်ပေးခြင်း စသည့် ညွှန်ကြားချက်များထုတ်ထားသည်။

ထိုညွှန်ကြားချက်ကြောင့် တောင်ငူမြို့ပေါ်ရှိ လိုင်စင်မဲ့ ပရဟိတယာဥ်များ လူနာပို့ဆောင်ရာတွင်ဖြစ်စေ၊ လူမှုကယ်ဆယ်ရေးလုပ်ဆောင်ရာတွင်ဖြစ်စေ ဆီဝယ်ယူရသည်မှာ ပိုခက်ခဲလာသည်ဟု ဆိုသည်။

“တချို့ဆီဆိုင်တွေက QR ကုဒ်မလိုဘဲ တစ်ရက်တစ်ကြိမ်၊ ခွဲတမ်းစနစ်နဲ့ဆီရောင်းပေးနေတာတွေရှိပေမယ့် ကားပေါ်မှာလူနာပါမှရောင်းပေးတာ။ ပြီးတော့ တခြားတန်းစီနေတဲ့သူတွေဆီက ခွင့်ပြုချက်ယူနေရသေးတယ်၊ အဲဒီတော့လမ်းခရီးအတွက်ကြန့်ကြာကုန်ရော” ဟု မြို့အခြေစိုက် ပရဟိတအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကြောင့် မှောင်ခိုဆီဈေးဖြင့် အပြင်ဆိုင်များမှ ဆီဝယ်ထည့်နေရသည်များရှိပြီး ငွေကြေးအခက်အခဲဖြစ်လာသည်။ ထို့အပြင် အရေးပေါ်လူနာပို့ဆောင်ရန် ပရဟိတအဖွဲ့အချင်းချင်း အကူအညီတောင်းခံရာတွင်လည်း အချို့အဖွဲ့များက ကားခအဆမတန်တောင်းခြင်းရှိသည်ဟု နောက်ထပ်လူမှုကယ်ဆယ်ရေးလုပ်သူတစ်ဦးက ပြောသည်။

၎င်းက “ဆီဝယ်ရခက်တာကိုအကြောင်းပြပြီး တချို့ပရဟိတကားတွေက တောင်ငူကနေရန်ကုန်ကို ကားခ (၁၀)သိန်း၊ နေပြည်တော်ကို(၃)သိန်းအထိ တောင်းနေကြတယ်။ ပရဟိတလုပ်တာမဟုတ်ဘဲ ဒုက္ခရောက်တဲ့သူအပေါ် အမြတ်ထုတ်သလိုဖြစ်နေပြီ။ လူတွေအကြပ်အတည်းဖြစ်နေချိန်မှာ အခွင့်အရေးမယူဘဲ အဆင်ပြေမယ့်နှုန်းထားနဲ့ပဲ ကူညီပေးစေချင်တယ်”ဟု ကေအိုင်စီကိုပြောသည်။

စစ်အုပ်စုက ပြီးခဲ့သည့် မတ်လ(၇)ရက်နေ့တွင် မော်တော်ယာဥ်မောင်းနှင်အသုံးပြုခွင့်ကို လိုင်စင်နံပါတ် စုံ၊ မ အပေါ်မူတည်၍ တစ်ရက်ခြားတစ်ခါသာ ခွင့်ပြုခဲ့သည်။ ထိုအထဲတွင် လူနာတင်ယာဥ်များမပါဝင်သော်လည်း လိုင်စင်မဲ့ယာဥ်များဆီမရောင်းပေးရ ကန့်သတ်ချက်ဖြင့်ထိန်းချုပ်လာသည်။

လှုမှုကူညီကယ်ဆယ်ရေးယာဥ်အများစုက လိုင်စင်မဲ့များဖြစ်သော်လည်း ဒေသတွင်းသတင်းအရင်းအမြစ်များပြောပြချက်အရ နေရာအနှံ့သွားလာနိုင်ခြင်းမရှိသေးသည့် ကြက်ခြေနီလူနာတင်ယာဥ်များအစား အရေးပေါ်ကျန်းမာရေးကိစ္စအတွက် ပရဟိတယာဥ်များကိုသာ အားထားနေရခြင်းရှိကြောင်း သိရသည်။