Home သတင်း KNA ပြောင်းလဲဖွဲ့စည်းမှုအတွင်း BGF တပ်ဖွဲ့ အုပ်စုနှစ်စုကွဲ

KNA ပြောင်းလဲဖွဲ့စည်းမှုအတွင်း BGF တပ်ဖွဲ့ အုပ်စုနှစ်စုကွဲ

893
Photo: KNA

ဇန်နဝါရီ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နှင့် မွန်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များသည် ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းမှုအတွင်း တပ်နယ်မြေများအလိုက် တစ်ပြေးညီ မဖြစ်ပေါ်သေးဘဲ BGF အဖြစ် ဆက်လက်ရပ်တည်ကာ စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် တပ်ဖွဲ့အချို့လည်းရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် ကွပ်ကဲမှုအောက်ရှိ BGF တပ်နယ်အချို့သည် KNA တပ်မတော်အဖြစ်သို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းရာတွင် တပ်ဖွဲ့အချို့မှာ ယခင်အတိုင်း BGF အဖြစ် ဆက် လက်ရပ်တည်ကာ စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း BGF နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောသည်။

“BGF က ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူတို့၊ စောတင်ဝင်းတို့ အုပ်စု တပ်နယ် ၂ နဲ့ ၃ က KNA အကုန် ဘတ်တံဆိပ်ပြောင်းတယ်။ စောမုတ်သုန်တို့၊ စောဘီလူးတို့၊ ဗိုလ်မှူးသိန်းဇော်မင်းတို့၊ ဖိုးကြာ အင်းတို့ တပ်နယ် ၁၊ တပ်နယ် ၄ တို့က ဘက်မပြောင်းဘူး။ BGF အဖြစ် စစ်တပ်နဲ့ ဆက်ပြီး နေမယ့်သဘော ရှိနေတယ်။ ဘာ ဆက်ဖြစ်မယ်ဆိုတာတော့ မသိရဘူး” ဟု မြဝတီအခြေစိုက် BGF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

လတ်တလောတွင် BGF တပ်ဖွဲ့များ လှုပ်ရှားသည့် မြဝတီမြို့၊ လှိုင်းဘွဲမြို့၊ ဖားအံမြို့နှင့် မြိုင်ကြီးငူ အထူး ဒေသနေရာများတွင် KNA တပ်ပြောင်းဖွဲ့သူ အစုအဖွဲ့များနှင့် BGF တပ်ဖွဲ့အဖြစ် ဆက်လက်၍ စစ်အုပ်စုနှင့် ပူးပေါင်းမည့် တပ်ရင်းတပ်ဖွဲ့များအကြား အကွဲအပြဲ သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

အဆိုပါ အပြောင်းအလဲဖြစ်ပေါ်မှုနှင့် ပတ်သက်၍ အမည်မဖော်လိုသည့် တပ်မှူးတစ်ဦးက
“KNA ကို အကုန်လုံး ပြောင်းလဲတပ်ဆင်သွားမှာပါ။ တစ်ဖွဲ့မှ မကျန်ပါဘူး။ လောလောဆယ် ဘတ်တံဆိပ်တွေ မလုံလောက်သေးတာရယ်၊ တချို့က စစ်တပ်နဲ့နေတာ နီးတယ်ဆိုတော့ မတပ်ဖြစ်တဲ့ အဖွဲ့တွေ ရှိသေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

BGF တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၀/၂၀၁၁ ခုနှစ်က ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း တပ်နယ် ၄ ခု လက်အောက်ခံ တပ်ရင်း ၁၃ ရင်းဖြင့် စစ်တပ်က ဖွဲ့စည်းထူထောင်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ပြောင်းလဲဖွဲ့ စည်းလိုက်သည့် တပ်ရင်း၊ တပ်ဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် စစ်ရေးနယ်မြေများကိုမူ KNA တပ်ဖွဲ့ဘက်မှ လက်ရှိ အချိန်အထိ တရားဝင်ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။

ထိုသို့ KNA အပြောင်းအလဲသည် စစ်အုပ်စုက တရုတ် ကျားဖြန့် ငွေလိမ်ဂိုဏ်း နှိမ်နင်းရေးကိစ္စများနှင့် ဆက်စပ်နေကြောင်း ကရင်နိုင်ငံရေး၊ စစ်ရေးသုံးသပ်ပြောဆိုနိုင်သူ မြဝတီမြို့ခံတစ်ဦးက ယခုလို သုံးသပ်ပြောသည်။

“အခု မြဝတီမှာက KK Park လည်း စစ်တပ်သိမ်းလိုက်ပြီ၊ အခု ကုက္ကိုလ်ကိုလည်း စစ်တပ်က တပ်တွေ အထိုင်ချဖို့ လုပ်နေပြီဆိုတော့ ဘယ်လို စစ်တပ်နဲ့ ညှိနှိုင်းပြီး ပုံဖော်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။” ဟု ၎င်းက ရှုမြင်သည်။

ယခု လတ်တလော အခြေအနေတွင် လှိုင်းဘွဲမြို့၊ မြဝတီမြို့နှင့် ရွှေကုက္ကို ဒေသလမ်းပိုင်းများဘက်တွင် KNA တပ်ဖွဲ့ ဘတ်တံဆိပ် ပြောင်းလဲသည့် တပ်ဖွဲ့များမှ စစ်ရေးလှုပ်ရှားမှုနှင့် လမ်းပိုင်း လုံခြုံရေး အင်အားတိုး ချထားမှုများရှိနေသည်။ ၎င်းအခြေအနေကြောင့် စစ်အုပ်စုတပ်များနှင့် KNA ဘက်တံဆိပ် မပြောင်းသည့် BGF တပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။