Home သတင်း ဘန်ကောက်တွင် ထိုင်းအမည်ခံနှင့် ဖွင့်ထားသည့် တရုတ်ပိုင် ငွေသားမဲ့ငွေပေးချေစနစ် ကုမ္ပဏီ ၅ ကို ထိုင်းရဲ တပ်ဖွဲ့ ဝင်ရောက်စီးနင်း

ဘန်ကောက်တွင် ထိုင်းအမည်ခံနှင့် ဖွင့်ထားသည့် တရုတ်ပိုင် ငွေသားမဲ့ငွေပေးချေစနစ် ကုမ္ပဏီ ၅ ကို ထိုင်းရဲ တပ်ဖွဲ့ ဝင်ရောက်စီးနင်း

784

ဇူလိုင် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် အနီးတဝိုက်တွင် ထိုင်းနိုင်ငံသားအမည်ခံနှင့် ဖွင့်လှစ်ထားသော တရုတ်ပိုင် E-Money ကုမ္ပဏီ ၅ ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ (ဇူလိုင်လ ၈) ရက်နေ့တွင် ဆောင်ရွက်ခဲ့သော စီးနင်းမှုများအတွင်း သံသယ တရားခံ ၁၂ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ထိုင်းဗဟိုစုံစမ်းဆေးရေးဗျူရို-CIB တပ်ဖွဲ့ ရဲမှူး ထပ်ဖွမ် ဂျာရူပရတ်က ပြောသည်။

အွန်လိုင်းပလက်ဖောင်းများမှတဆင့် ငွေသားမဲ့ပေးချေမှုများကို ဝန်ဆောင်ပေးနေသော ယင်းလုပ်ငန်းများကို နိုင်ငံခြားသားများက ပိုင်ဆိုင်ထားပြီး ထိုင်းနိုင်ငံသားများက အမည်ခံထားပေးသောကြောင့် ဥပဒေအရ တရားမဝင်သော လုပ်ငန်းမျိုးဖြစ်သည်ဟု CIB တပ်ဖွဲ့ ရဲမှူးက ဆက်ပြောသည်။

CIB တပ်ဖွဲ့သည် ဘန်ကောက်မြို့ရှိ ဘန်ကောက်၊ နွန်ထဘူရီ၊ ပထုံဌာနီ အတွင်း နေရာ ၁၀ ခုကို ဇူလိုင်လ ၈ ရက်နေ့က ဝင်ရောက်စီးနင်းမှု လုပ်ဆောင်ခဲ့ရာတွင် TDAR၊ BTR Import and Export၊ OTE၊ Anan Cargo Express နှင့် Your Baobao စသည့် တရားမဝင် ကုမ္ပဏီ ၅ ခုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကုမ္ပဏီများ၏ E-Money များတွင် လည်ပတ်နေသော တန်ဖိုးသည် ဘတ်ငွေ ၄၀၀ မီလီယံအထိရှိသည်။

ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းအမည်ခံ တရုတ်ပိုင် အွန်လိုင်းငွေပေးချေစနစ် ကုမ္ပဏီများထံမှ ပစ္စည်းများနှင့် စာရွက် စာတမ်းများကို သိမ်းဆည်းထားပြီး ထိပ်ပိုင်းတရုတ်သူဌေးများကို ဖမ်းဆီးနိုင်သည့်အထိ စုံစမ်းစစ်ဆေးမည်ဟု CIB က အသိပေးထားသည်။

မှတ်ချက်။ ။ Bangkok Post သတင်းဌာန၏ သတင်းကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။