ဇွန်လ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA ) ဗဟိုဆေးဋ္ဌာနက ဦးဆောင်ဖွင့်လှစ်ထားသော ဖားအံခရိုင်/တပ်မဟာ ၇ နယ်မြေရှိ ကပေါ်တောလု အခမဲ့ မျက်စိခွဲစိတ်ပေးသည့်ဆေးခန်းတွင် ဆေးဘက်ဆိုင်ရာပစ္စည်များ အသုံးပြုရန် ဆိုလာမီးများအရေးပေါ် လိုအပ်နေသည်ဟု ဆေးခန်းတာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ဆေးခန်းသည် KNU ထိန်းချုပ်နယ်မြေအသီးသီးရှိ မျက်စိဝေဒနာခံစားနေရသည့် ဒေသခံများအတွက် ခွဲစိတ်ကုသပေးရန် အဓိကရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ အခမဲ့ ဆေးကုသပေးနေခြင်း ဖြစ်သည်။
လက်ရှိတွင် လာရောက်ဆေးကုသသူများလာသဖြင့် ခွဲစိတ်ကုသမှုလုပ်ဆောင်ရန် လျှပ်စစ်မီး မရရှိ သေးသည့် အတွက် လိုအပ်သော ဆေးကုသမှုဆိုင်ရာ စက်ပစ္စည်းကိရိယာများ အသုံးပြုနိုင်ရန် ဆိုလာမီးပေးစနစ် လိုအပ်ချက် ကြီးမားလျက် ရှိနေသည်ဟု ဆေးခန်းတာဝန်ခံဖြစ်သူ KNLA ဗဟိုဆေးဋ္ဌာနမှ မျက်စိအထူးကုဆရာဝန်ဒေါက်တာ စောနေဆဲက ကေအိုင်စီသို့ ပြောသည်။
“ အခု ကျနော်တို့ ဆိုလာ တစ်ချပ် ဘယ်ထရီ ၂ လုံးနဲ့ သုံးနေတယ်။ ဒါကတော့ ဆေးရုံသုံးမီးလောက်ပဲ ရတယ်လေ။ လူနာ ခွဲစိတ်ဖို့ မိုင်ခရိုစကုတ်ကို အသုံးပြုဖို့က မရသေးဘူး။ ဓါတ်မီးကို အသုံးပြုပြီး ခွဲစိတ်နေရတယ်။ ဒါကြောင့် ဆိုလာကတော့ အရေးကြီးလိုအပ်တယ်။ လူနာတွေကြည့်ဖို့ စက်ပစ္စည်းတွေ လာရောက်လှူ ဒါန်းထား တာရှိပေမဲ့ မီးမရှိတော့ စက်တွေက သုံးလို့မရသေးဘူး။ လောဆယ် လူနာတွေခွဲစိတ်ဖို့ကို ဆိုလာမီးကတော့ အရေးကြီး လိုအပ်နေတယ်” ဟု ပြောသည်။
၎င်းဆေးခန်းတွင် ကုသရန် မျက်စိကုသမှု ဆေးဝါးပစ္စည်းများအတွက် လုံလောက်မှုရှိသော်လည်း ခွဲစိတ်ကု သမှု တွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာအတွက် လုံလောက်သော ဆိုလာစနစ်မရှိသေးသောကြောင့် ဆေးခန်း ရေရှည်လည်ပတ်နိုင်ရေးအတွက် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု ဒေါက်တာ စောနေဆဲက ဆက်လက် ပြောဆိုသည်။
အဆိုပါ မျက်စိအခမဲ့ ခွဲစိတ်ကုသပေးခြင်းကို တစ်လတစ်ကြိမ် လာရောက်ကုသပေးခြင်းဖြစ်ကာ မျက်စိ ဝေဒနာများဖြစ်သည့် တိမ်အမျိုးမျိုးဖြစ်ခြင်း၊ မျက်သားတက်ခြင်း၊ မျက်စိနာခြင်းများကို ခွဲစိတ် ကုသပေးခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းများအပြင် ဆေးမျက်မှန်များကိုပါ အခမဲ့ပြုလုပ်ပေးနေခြင်းဖြစ်သည်ဟု ကုသမှု လုပ်ဆောင်ပေးသည့် ဆရာဝန်ထံမှ သိရသည်။

ထို့အပြင် ခွဲစိတ်မှုခံယူပြီးသူများ၏ မျက်စိအခြေအနေ စောင့်ကြည့်နေသည့်ကာလ အတွင်းတွင်လည်း ဆေးပေး ခန်းနေရာတဝိုက် လူနာနှင့်လူနာစောင့်များ ယာယီနေထိုင်ရန် လူနေဆောင်များထားရှိသည့်အပြင် အခကြေးမဲ့ စားသောက်နေထိုင်ရန်ပါ တာဝန်ရှိသူများက စီစဉ်ပေးထားခြင်းကြောင့် ငွေကုန်ကြေးကျမများဘဲ အဆင် ပြေပြေဖြင့် ကုသမှုခံယူနိုင်ကြောင်း မျက်စိကုသမှု လာရောက်ခံယူသူများ၏ ပြောပြချက်အရ သိရသည်။
မယ်လဒုက္ခသည်စခန်းမှ မျက်စိလာရောက်ကုသမှုခံယူခဲ့သူ အသက် (၅၀) အရွယ် နော်ဂရေ့စ် က “ကျမ ပြန်ရောက်ရင် ဆရာတို့ ဆေးခန်း လိုအပ်နေတာတွေကို ပြန်လာကူညီဖို့ ရှိတယ်။ ကိုယ်တိုင်က ကူညီချင်တဲ့ ဆန္ဒရှိတာပါ။ နောင်လာမဲ့ လူတွေအတွက်လည်း အကျိုးရှိတယ်လေ။ မျက်စိက အရင်ကထက်စာရင် ပြန်မြင်ရပါပြီ။ အခုလို မျက်စိစစ်ပေး မျက်မှန်လုပ်ပေးတဲ့အတွက် ဝမ်းသာတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို မျက်စိလာရောက်ကုသပေးခြင်းသည် ဒေသအတွင်းရှိ မျက်စိ ကုသလိုသူများအတွက် များစွာ အထောက်အကူပြုပြီး လိုအပ်နေသူများထံသို့ မှန်ကန်စွာ ထိရောက်မှုရှိ သည်ဟု နော်ဂရေ့စ်က ဖြည့် စွက်ပြောသည်။
ထို့အတူ KNU ဖားအံခရိုင်အတွင်း အခမဲ့မျက်စိကုသပေးရေး အစီအစဉ်သို့ ခရိုင်အတွင်းရှိ ဖားအံ၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်တို့မှ မျက်စိဝေဒနာရှင်ပြည်သူများသာမက သထုံခရိုင်/တပ်မဟာ ၁ နယ်မြေအတွင်းရှိ ပြည်သူများနှင့် ထိုင်း-မြန်မာနယ်စပ် ကရင်စစ်ဘေးရှောင်စခန်းများမှ ပြည်သူများလည်း ကုသမှုခံယူရန် လာရောက်ကြကြောင်း သိရသည်။
ကပေါ်တောလု ဆေးခန်းတွင် မျက်စိအခမဲ့ ကုသပေးခြင်းကို ယနေ့အထိ ၅ လတာအတွင်း ကရင်အမျိုး သား လွတ်မြောက် ရေးတပ်မတော်-KNLA ဗဟိုဆေးဌာန၏ ဦးစီးမှုဖြင့် KNU ထိန်းချုပ်နယ်မြေ အတွင်းရှိ မျက်စိ ဝေဒနာခံစားနေရသည့် ဒေသခံ ၂၀ဝ ဦးကျော်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။



















