Home သတင်း ကော့ကရိတ်မြောက်ပိုင်း စစ်ရှောင်များ အမိုးအကာနှင့် ရိက္ခာခက်ခဲနေ

ကော့ကရိတ်မြောက်ပိုင်း စစ်ရှောင်များ အမိုးအကာနှင့် ရိက္ခာခက်ခဲနေ

714
Photo: CJ

ဧပြီ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲများကြောင့် ကော့ကရိတ်မြောက်ပိုင်းဘက်တွင် စစ်ရှောင်နေရသူ ဒေသခံပြည်သူ နှစ်ထောင်ခန့် အမိုး အကာနှင့် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေသည်ဟု ကျေးရွာအခြေပြုလူမှုကူညီရေးအဖွဲ့များက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်ခန့်မှစ၍ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက် မှုများကြောင့် ကော့ကရိတ်မြောက်ပိုင်း အင်းကြီး၊ ရေလည်ကုန်း၊ ရန်ကုတ်၊ ခနိမ်းမူ၊ လှိုင်စိမ်း၊ မိချောင်းအင်း၊ ကောင်းမှု၊ အောက်ဘိုတဲကျေးရွာတို့မှ ဒေသခံ ၂,၀၀၀ ကျော် စစ်ရှောင်နေရခြင်း ဖြစ်သည်။

“လေယာဉ်ကြဲတော့ သူတို့ရွာတွေကနေ ကျနော်တို့ရွာ တွေဘက်ရှောင်လာကြတယ်။ ဟိုတစ်စု၊ ဒီတစ်စုပေါ့ လူ နှစ်ထောင် လောက်က အမိုးအကာမလုံဘူး။ လေရော မိုးရောရွာတော့ အကုန်စိုပေါ့။ ဘုန်းကြီးကျောင်းလည်း သိပ်မနေရဲကြဘူး။ လေယာဉ်က ဘုန်းကြီးကျောင်းတွေဆို ဗုံးကြဲနေတာဆိုတော့၊ ရိက္ခာလည်း လိုကြတယ်။ ဘယ်သူမှ စားစရာပါမလာဘူးလေ” ဟု ကျေးရွာ လူမှုကူညီရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

Photo: CJ

လတ်တလော ကော့ကရိတ်၊ ကျုံဒိုး မြို့ ပေါ်ရပ်ကွက် ကျေးရွာများဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA မဟာမိတ်ပူး ပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်များ စစ်ရေး တင်းမာနေပြီး တိုက်ပွဲဖြစ် ပွားနေမှုကြောင့် ဒေသတွင်း ကျေးရွာ ၄၀ ဝန်းကျင်မှ လူဦးရေ ထက်ဝက်ကျော်ခန့် ဖားအံ၊ မော်လမြိုင်မြို့ဘက်ရှိ ကျေးရွာများသို့ စစ်ဘေးရှောင်နေသူ နှစ်သောင်းကျော်ခန့် ရှိနေကြောင်း သိရသည်။

“ဒီတစ်ခါ စကစ လေကြောင်းတိုက်တာပိုဆိုးလာတယ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျာင်းနဲ့ မနှစ်က စစ်ရှောင်ခိုလှုံ ခဲ့တဲ့ နေရာတွေကို ဗုံးကြဲတာဆိုတော့ လူတွေကအဲလိုနေရာတွေ လာမနေရဲတော့ဘူး။ အဆင်ပြေသလိုပဲ လိုက်နေကြတယ်။ ပိုက်ဆံရှိ ဆွေမျိုးရှိတဲ့သူကတော့ မြို့ဘက်ရှောင်ကြတာပေါ့။” ဟု အလှူရှင်များက ပေးပို့သည့်စား သောက်စရာကို တဆင့်ပြန်လည်ဝေငှသည့် စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

ထိုသို့ စစ်ဘေးရှောင်နေရသူများအနေဖြင့် မိုးရာသီ အချိန်အတွင်း ဆက်ပြီးစစ်ဘေးရှောင်နေရမည်ဆိုပါက ကျန်းမာရေး၊ ပညာရေး၊ စားသောက်စရာ၊ နေရာထိုင်ခင်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာနိုင်သည့်အတွက် KNU အုပ်ချုပ်မှုနယ်မြေ တာဝန်ခံများထံ စစ်ဘေးရှောင်လူစာရင်း ကောက်ခံတင်ပြပြီး စစ်ဘေးရှောင် အကူအညီ ပေးနိုင်ရေးစီစဉ်နေသည်ဟု ရပ်ရွာအခြေပြု လူမှုရေး လုပ်ဆောင်သူများထံမှ သိရသည်။