ဧပြီလ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) ဆောထိ (ရွှေကျင်)မြို့နယ်၊ ကွမ်းဆိပ်ရွာစစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူလိုက်ကြောင်း ကေအဲန်ယူနှင့် ပူးပေါင်းတပ်သတင်းအရင်းမြစ်က အတည်ပြုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ကွမ်းဆိပ်စခန်းကို KNLA တပ်ရင်း(၇)နှင့် ပူးပေါင်းတပ်ဘက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းပိုက်ရမိကြောင်းကိုအတည်ပြုနိုင်ပြီဟု ဆောထိမြို့နယ် ကေအဲန်ယူပြောခွင့်ရက ပြောသည်။
“ဆောထိ၊ တပ်ရင်း(၇)နယ်မြေက ကွမ်းဆိပ်စခန်းကိုတော့ တော်လှန်ရေးတပ်ဘက်က တိုက်ယူနိုင် တာအတည်ပြုလို့ရပါပြီ။ ဘယ်လောက်အတိုင်းအတာထိသိမ်းနိုင်သလဲ၊ လက်နက်ခဲယမ်း ဘယ်လောက်ရသလဲဆိုတာကတော့ အချက်အလက်အသေးစိတ် ကျနော်တို့ဆီမရောက်သေးလို့ မပြောနိုင်သေးဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါကွမ်းဆိပ်စခန်းမှာ စစ်ကောင်စီတပ်အင်အား ရာနှင့်ချီရှိ၍ KNLA ပူးပေါင်းတပ်ဘက်က စခန်းတက်သိမ်းစဥ်တပြိုင်နက် စစ်ကောင်စီတပ်မှ စခန်းဆုတ်ခွာသွားသောကြောင့် နှစ်ဖက်ထိခိုက်မှုအများအပြားမရှိဟုလည်း တော်လှန်ရေးပူးပေါင်းတပ်ထံမှ သိရသည်။
ထို့အပြင် စစ်ကောင်စီဘက်ကလည်း စခန်းမှဆုတ်ခွာပြီးနောက် ၎င်းပတ်ဝန်းကျင်ရှိကျေးရွာများတွင် ခံစစ်ပြင်နေသဖြင့် စစ်ရေးအခြေအနေတင်းမာနေသည်ဟုလည်း ပူးပေါင်းတပ်ဘက်ကဆိုသည်။
ရွှေကျင်မြို့နယ်ရှိ စစ်ရေးသတင်းအရင်းအမြစ်က “အဲ့စခန်းက တော်လှန်ရေးတပ်ဘက်က တက်သိမ်း တာနဲ့စကစ(စစ်ကောင်စီ)က ဆုတ်တာပဲ။ အထိအခိုက်ကတော့နည်းတယ်။ လက်နက်လည်း သိပ်များများစားစားမရဘူး။ နောက်ဆုတ်ထားတဲ့ စကစ က အဲဒီနားကရွာတွေမှာ ရှိနေတယ်။ ရွာခံတွေကတော့ ပြေးကုန်ပြီ” ဟု ၎င်းကပြောသည်။
တပ်ရင်း(၇)နယ်မြေ၌ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးသဖြင့် တော်လှန်ရေးတပ်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့သေးသည်။ ထို့နောက် စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုတို့ လုပ်ဆောင်သောကြောင့် ဒေသခံများထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုဘက်က ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။



















