ဧပြီ ၂၅ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းအားပြန်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ကျုံဒိုး ခြေမြန်တပ်ရင်း (ခမရ-၅၄၅) တပ်သို့ သံချပ်ကာ အမြောက်ယာဉ်များနှင့် ခဲယမ်းများ ပို့ဆောင်နေသည်ဟု နယ်မြေ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ကျုံဒိုး-ကော့ရိတ် လမ်းပိုင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်း တပ်များက ဖြတ်တောက်တိုက်ခိုက်နေပြီး ပြန်ထိန်းချုပ်ရန် သံချပ်ကာ အမြောက်ယာဉ်များ ပို့ဆောင်နေသည်ဟု နယ်မြေ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
“ဒီနေ့ မနက်ပိုင်းမှာ စစ်ယာဉ်တန်းကားကြီးတွေ ခမရ-၅၄၅ ဝင်လာတယ်။ အလုံပိတ်ထားတဲ့ ကားကြီးတွေလည်း ပါတယ်။ သံချပ်ကာ အမြောက်ကားတွေပါတယ်လို့ ကြားထားတယ်။ စစ်ကောင်စီ တပ်သားတွေရဲ့ လက်မောင်း တံဆိပ်မှာ အမြောက်တပ် တံဆိပ်တွေတပ်ဆင်ထားတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကျုံဒိုး အခြေစိုက် ခမရ (၅၄၅)၊ ခမရ (၅၄၆) တပ်ရင်းတို့က မြပတိုင်၊ နောင်တပွဲ ကျေးရွာများဘက်သို့ နှစ်ဆင့်ကွဲ လက်နက်ကြီးများ ပစ်ခတ်နေပြီး မြေပြင်စစ်ကြောင်းထွက် တိုက်ခိုက်ခြင်းမျိုး မရှိသေးဟု သတင်းရင်း မြစ်များက ပြောသည်။
ထိုသို့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် မြဝတီကုန်စည်ကားများ ဒေသတွင်းကျေးရွာချင်းဆက် လမ်းပိုင်း များမှ ဖားအံမြို့ဘက်သို့ သွားလာသည့် ခရီးလမ်းကြောင်း ရပ်တန့်ခဲ့ရသည်။ အလားတူ နဘူး၊ ထို့ကော်ကိုး၊ ထီလုံလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများ ရှိနေသည့်အတွက် ကုန်စည် ယာဉ်သွားလာမှုအနည်းငယ်သာရှိတော့ သည်ဟု ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။
ယာဉ်မောင်းတစ်ဦးက “ကျုံဒိုး ၊ဂျိုင်းလမ်းကြောင်းက အခြေအနေမကောင်းဘူး၊ အလုံးကြီးတွေကျနေတာဆိုတော့ ရွာဖြတ်လမ်းတွေက မသွားရဲကြတော့ဘူး။ လမ်းဟောင်းကားတွေသိပ့် မဆင်းတော့ဘူး။ ထို့ကော်ကိုး လမ်းမှာဆိုလည်း နဘူး၊ ဒေါ်လန်းမှာ ကုလားကုန်းဘက် စစ်တပ်ရာက်နေပြီး။ နဘူး ၅၄၇/၅၄၈ တပ်မှာလည်း အခြေအနေမကောင်းတော့ ကားဆင်းတာ နည်းတယ်။ ကုန်ကားတွေကြားညှပ်သွားရင် မီးရှို့ခံရပစ်ခံရမှာဆိုတော့ လမ်းအခြေအနေမေးပြီးထောက်ပြီးမှ ဖားအံဆင်းရတဲ့အခြေအနေပေါ့” ဟု ပြောသည်။
လက်ရှိ ကျုံဒိုး-ကော့ကရိတ်- အာရှလမ်းနယ်မြေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။
အလားတူ KNLA မဟာမိတ် ပူးပေါင်းတပ်ဘက်မှလည်း ဒရုန်းဖြင့် တန်ပြန် ဗုံးချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြန်လည်ပြုလုပ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။



















