Home သတင်း စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးနေသည့် ခရိုနီလုပ်ငန်းရှင်များကို မြိတ်ပကဖသတိပေး

စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးနေသည့် ခရိုနီလုပ်ငန်းရှင်များကို မြိတ်ပကဖသတိပေး

567
Photo: မြိတ်လှေဆိပ်(Social Media)

ဧပြီလ၂၅ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

မြိတ်မြို့နယ်အတွင်း ထိုင်းနိုင်ငံမှတစ်ဆင့် နေရပ်ပြန်ပို့ခြင်းခံရ၍ မတရားစစ်မှု ထမ်းတပ်သားစုဆောင်းခြင်းခံရသည့် သူများကိုရေလမ်းကြောင်းမှ တစ်ဆင့်ပို့ဆောင်ရာတွင် ပူးပေါင်းပါဝင်နေသည့် မြိတ်ခရိုနီလုပ်ငန်းအုပ်စုများကို စစ်ကောင်စီလက်အောက်တွင် ဆက်လက်လုပ် ဆောင်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။

ယခုလိုမတရားစစ်မှုခြင်းခံရသည့် သူများကိုရေလမ်းကြောင်းမှတစ်ဆင့်ပို့ဆောင်ရာတွင် မြိတ်ခရိုင်လုပ်ငန်းရှင်အုပ်စုများဖြစ်သည့် သီတာ၊ ငွေဇင်ယော်၊ ထူးထူးတိုး၊ ကိုဝေးလင်းနှင့် စသည့်ခရိုနီလုပ်ငန်းများမှ စစ်ကောင်စီနှင့် အဓိကပူးပေါင်းပါဝင်နေကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

“စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးနေတာတွေကို ဆက်ပြီးတော့စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်ဆိုလိုရှိရင် ထိရောက်စွာအရေးယူလုပ်ဆောင်သွားမှာဖြစ်ပါတယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၄ခုနစ်မှစတင်ပြီး ထိုင်းနိုင်ငံမှအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျရပြီးနောက် မြန်မာ နိုင်ငံဘက်သို့ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံမှတစ်ဆင့် လစဉ်လွှဲပြောင်းပေးမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ စစ်ကောင်စီဘက်မှလည်း နေရပ်ပြန်ပို့ခံရသည့် မြန်မာနိုင်ငံ သားများကို အတင်းအဓမ္မစစ်မှုထမ်းတပ်သားသစ် စုဆောင်ခြင်းများကို လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံမှနေရပ်ပြန်ပို့ခံရ၍ စစ်မှုထမ်းစုဆောင်းခံရသည့် မြန်မာနိုင်ငံသား (၂၅၀၀) ကို မြိတ်ခရိုနီလုပ်ငန်းရှင်အုပ်စုများမှ လိုင်းဖြူလှေများနှင့် မြိတ်မြို့ရွှေဒူးတပ်၊ ကျွန်းစုရေတပ်စခန်းနှင့် ပလောက်မြို့ရှိတိုင်းဗဟိုလေ့ကျင့်ရေးကျောင်းများသို့ အသုတ်လိုက်ပို့ဆောင်ပေးနေကြောင်း မြိတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်လည်း စစ်ကောင်စီ၏ စစ်မှုထမ်း သင်တန်းအတွက် စုဆောင်းခြင်းခံရသည့် လူငယ် ၁၆ ဦးမှ စစ်တပ်မှပြန်လည် ထွက်ပြေးဖြစ်ပွားခဲ့ပြီး ၎င်းတို့ အနက်မှ ၂ ဦးမှာ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ မတ် ၆ ရက်နေ့တွင် ဆက်သွယ် ခိုလှုံလာခဲ့ကြောင်း ပကဖ တာဝန်ရှိသူများ၏ ပြောဆိုချက်များအရသိရသည်။