Home သတင်း တနင်္သာရီ၊ မိုးတောင်လမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

တနင်္သာရီ၊ မိုးတောင်လမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

545
Photo: KNLA-Bat ၁၁

ဧပြီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ ၊ ဘိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ယနေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးစီးသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိသည်ဟု ကေအဲန်ယူက ပြောသည်။

နေ့လည် ၁၂ နာရီ ၂၀ မိနစ်တွင် မိုးတောင်လမ်းအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း -ခလရ ၂၆၅ တပ်ရင်းအား KNLA တပ်ရင်း ၁၁ နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က သီးခိုးကျေးရွာ အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

၎င်းက “ ကျနော်တို့က သူတို့စခန်းကို သွားတိုက်တာမဟုတ်ပါဘူး။ စစ်ကြောင်းထိုးလာတာကို ကျနော်တို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်။ ရန်သူဘက်က သေတယ်၊ လက်နက်အချို့ သိမ်းဆည်းရမိတာရှိတယ်။ သူတို့ နောက်ပြန်ဆုတ်သွားတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီထံမှ MA1 တစ်လက်၊ ကျည်ဘောက် ၁၁ ခု၊ ၆၀ မမကျည် ၂ လုံး၊ RPG ကျည် ၂ လုံး၊ (M79) ကျည် ၉ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ M14 ဗုံး ၄ လုံး၊ တိုက်မိုင်း ၂ လုံး၊ ၈၁ မမ ကျည် ၁လုံး နှင့် ကျည်ဆံ ၅.၅၆ (၅၃၀) တောင့် သိမ်းဆည်းရမိသည်ဟု ကေအဲန်ယူက ပြောသည်။

ယမန်နေ့ကလည်း တနင်္သာရီမြို့နယ် ၎င်းသီးခိုးရွာအနီးတွင် KNLA မဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်တို့အကြား နံနက်တွင် တစ်ကြိမ်၊ မွန်းလွဲပိုင်းတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်ကောင်စီက ကျေးရွာထဲသို့ လေယာဉ်ဖြင့် ဗုံးသီး ၆ လုံး လာရောက်ကြဲချခဲ့သလို လက်နက်ကြီး ပစ်ခတ်မှုများ တနေကုန်နီးပါး လုပ်ဆောင်ခဲ့သည်ဟု သိရသည်။