Home သတင်း ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကတ်များ အုန်းဖြန်ဒုက္ခသည်စခန်းတွင် စတင်ရိုက်ပေးပြီ

ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကတ်များ အုန်းဖြန်ဒုက္ခသည်စခန်းတွင် စတင်ရိုက်ပေးပြီ

16

နိုဝင်ဘာ (၆) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်ထဲရှိ အုန်းဖြန်ဒုက္ခသည်စခန်းတွင် လူဟောင်းစာရင်းရှိထားသူများကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရပြီး နိုင်ငံသားမဟုတ်ကြောင်း အသိအမှတ်ပြုပေးသည့်ကတ်များကို နိုဝင်ဘာ (၅) ရက်နေ့က စတင်ရိုက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်သူဒုက္ခသည်အဖြစ်အသိမှတ်ပြု အဆိုပါကတ်များကို အသက်(၅)နှစ်မှ (၇၀)နှစ်အထိ စခန်းထဲရှိ အကူအညီလိုချက်ရှိသည့်အုပ်စု(V)နှင့် အကူအညီအထူးလိုအပ်ချက်ရှိသည့် (MV) အုပ်စုကို ဦးစားပေးရိုက်ပေးနေခြင်းဖြစ်သည်။

ကတ်ရိုက်ခွင့်ရှိသူများသည် ၂၀၁၉ ခုနှစ်က ထိုင်းပြည်ထဲရေးဌာနမှ အသိမှတ်ပြု ရိုက်ထားပေးသည့် ဂဏန်း(၁၃)လုံးပါလက်မှတ်ရှိထားသူ လူဟောင်းများသာ ဖြစ်ရမည်ဖြစ်သလို ထိုစာရင်းထဲမရှိသည့် ဒုက္ခသည်လူသစ်များအနေဖြင့် ရိုက်ခွင့်မရသေးဟု စခန်းတာဝန်ရှိသူများက ဆိုသည်။

ထို့အပြင် အဆိုပါကတ်များမှာ ထိုင်းနိုင်ငံအတွင်း နှစ်ပေါင်းကြာရှည်နေထိုင်သူများအတွက်ဖြစ်၍ (၁၀)နှစ်ခံကတ်နှင့်တူညီကြောင်းလည်း ထိုင်းအာဏာပိုင်ဘက်မှ ရှင်းပြထားခြင်းရှိသည်။

“ဒီကတ်သက်တမ်းက (၁၀) နှစ်ရှိတယ်။ လူတစ်ယောက်ရဲ့အချက်အလက်တွေကို စာရွက်ထဲမှာ မထည့်ထားတော့ဘဲ ဒီကတ်ထဲမှာက ထည့်ထားပေးလိုက်တဲ့သဘောဖြစ်တယ်” ဟု အုန်းဖြန်ဒုက္ခသည်စခန်း၏ ဒုဥက္ကဌ စောနီဒို့က ပြောသည်။

(V)နှင့်(MV)စာရင်းပါသူများအတွက် ဦးစားပေးကတ်ရိုက်ပြီးစီးပါက စခန်းထဲရှိ ဒုက္ခသည်ကော်မတီဝင်များ၊ စခန်းတာဝန်ရှိသူများ၊ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းနှင့် လူမှုရေးအဖွဲ့အစည်းတွင် လုပ်ဆောင်သူများကို ဒုတိယဆင့်အနေဖြင့် ဆက်လက်ရိုက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကတ်များကို လက်ဗွေစနစ်ဖြင့် ရိုက်နှိပ်ထားသောကြောင့် ကတ်ရရှိပါက ထိုင်းဘဏ်အကောင့်များဖွင့်လှစ်ခြင်း၊ ထိုင်းအစိုးရ၏ လူမှုဖူလုံရေးအာမခံ၊ ကျန်းမာရေးအကာအကွယ်အာမခံ လျှောက်ထားခွင့်ရှိခြင်း၊ စခန်းပြင်ပထွက်သည့်အချိန်တွင် စစ်ဆေးခံရပါက တရားဝင်အထောက်အထားတစ်ခုအနေဖြင့် ပြသနိုင်သည့် အခွင့်အရေးလည်း ရှိသည်။

၂၀၂၅ ခုနှစ်ကစ၍ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း(၉)ရှိ အိမ်ထောင်စု (၈၀) ရာခိုင်နှုန်းခန့် ရိက္ခာအကူအညီများ ဖြတ်တောက်ခံရလိုက်ရပြီးနောက် မိမိကိုယ်တိုင်ရပ်တည်နိုင်စေရန် ထိုင်းအစိုးရဘက်မှ ဒုက္ခသည်များကို စခန်းပြင်ပသို့ တရားဝင်အလုပ်ထွက်လုပ်ခွင့် ပေးထားသည်။

ထို့အတူ စခန်းပြင်ပတွင် တရားဝင်နေထိုင်ခွင့်ရရှိရန်အတွက် ယခုလို (၁၀) နှစ်ခံကတ်များ ရိုက်ပေးပြီးနောက် ဒုက္ခသည်စခန်းအချို့ ဖြုတ်သိမ်းဖို့အရေး ထိုင်းအစိုးရက အစီအစဉ်ရှိနေကြောင်းလည်း ကရင်ဒုက္ခသည်များရေးရာကော်မတီ (KRC) ထံမှ သိရသည်။