Home သတင်း ခလယ်လွီထူခရိုင်တွင် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရ

ခလယ်လွီထူခရိုင်တွင် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရ

6
Photo: KNU

နိုဝင်ဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၆) ရက်မှ (၁၉) ရက် အတွင်း စစ်အုပ်စုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး (၁) ဦး သေဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ နိုဝင်ဘာ (၂၂) ရက်တွင် ကေအဲန်ယူက ထုတ်ပြန်သည်။

နိုဝင်ဘာလ (၁၆) ရက်နေ့က မူး(မုန်း)မြို့နယ်၊ ဝဲကြီးဝဲတောမှ စစ်အုပ်စုက ဒရုန်းဖြင့် ပစ်ခတ်ခဲ့ရာ မီးတိုင်‌ကျေးရွာသို့ကျရောက်ပေါက်ကွဲ၍ အသက် (၄၅) နှစ်အရွယ် အမျိုးသမီး (၁) ဦး ထိမှန်သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အရွယ် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တစ်ရက်တည်းမှာပင် ညနေပိုင်းအချိန် စစ်အုပ်စုက လယ်ဒို (ကျောက်ကြီး) မြို့နယ် တောကြောင်ပေါက်ရွာသို့ ဒရုန်းဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ နိုဝင်ဘာ (၁၉) ရက်နေ့တွင်လည်း စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၄၃၉ တပ်မှ မူးမြို့နယ်၊ မြနီကွင်းရွာသို့ ဒရုန်းဖြင့် ၈ ကြိမ်ထက်မနည်း ပစ်ခြင်းကြောင့် အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU

လက်ရှိတွင်လည်း ခလယ်လွီထူရိုင်အတွင်း စစ်အုပ်စုနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ခရိုင် တွဲဖက်အတွင်းရေးမှုး ပဒိုစောနဲထူးဗျိုင်းက ပြောသည်။

“မြို့နယ်သုံးမြို့နယ်လုံးမှာ တိုက်ပွဲဖြစ်နေတယ်။ ဆောထိ (ရွှေကျင်) ဘက်ကတိုက်ပွဲက ဒီမနက်တောင် သေနတ်သံတွေကြားနေရတယ်။ စစ်ရှောင်တွေလည်း မြို့နယ်တိုင်းမှာ ရှိတယ် ဆိုပေမဲ့ လယ်ဒို (ကျောက်ကြီး) မှာတော့ အများဆုံးပေါ့” ဟု ပဒိုစောနဲထူးဗျိုင်းက ပြောသည်။

ယင်းအပြင် ရာသီဥတုအပြောင်းအလဲအတွင်း စစ်ဘေးရှောင်များတွင် ဖျားနာ၊ ဗိုက်အောင့် စသည့် ကျန်းမာရေးပြဿနာများလည်း တွေ့ကြုံနေရသည်။ ထို့ကြောင့် ဒေသအတွင်း ကျန်းမာရေးတာဝန်ရှိသူများမှာ စစ်ဘေးရှောင်နေရာ အနီး ပြင်ပလူနာဆေးပေးခန်းများ ဖွင့်ထား၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရကြောင်း သိရသည်။