နိုဝင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အခြေစိုက် စစ်အုပ်စုတပ်ဖွဲ့နှင့်၎င်းတို့မိသားစုဝင်အချို့က ကျုံဒိုးမြို့နယ်ခွဲဧရိယာရှိ စစ်ဘေးရှောင် နေအိမ်များကိုဖောက်ထွင်းပြီး ပစ္စည်းခိုးယူရောင်းချမှုအပြင် ဒေသခံပိုင် ရာဘာခြံများထဲသို့ ဝင်ရောက်၍ ခွင့်ပြုချက်မရှိ ရာဘာစေးခြစ်ယူသည်အထိ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
ကျုံဒိုး ချောင်းဖျားဒေသအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များနှင့် စစ်အုပ်စု စစ်ရေးတင်းမာနေသည့် အခြေအနေတွင် စစ်အုပ်စုက ချောင်းဖျား-မြပတိုင်လမ်းကို ထိန်းချုပ်နိုင်ရန် တပ်အထိုင်ချ ကြိုးပမ်းနေခြင်းဖြစ်သည်။
ထို့အပြင် စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ-၅၄၅, ၅၄၆ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မိသားစုဝင်အချို့က စစ်ဘေးရှောင်ပစ္စည်းများကို ခိုးယူခြင်း၊ ချောင်းဖျား၊ ကျုံဘိုင်း၊ မြပတိုင်လမ်းပိုင်းရှိ ဒေသခံများ ပိုင်ဆိုင်သည့် ရာဘာခြံများတွင် ရာဘာစေးခြစ်ယူခြင်းတို့ လုပ်ဆောင်ကြသည်ဟု ကျုံဘိုင်းရွာဒေသခံက ပြောသည်။
“ပထမက စစ်ဘေးရှောင်လို့ လူမရှိတဲ့အိမ်တွေက ပစ္စည်းတွေခိုးသယ်ကြတာ။ အခုက ရာဘာခြံတွေမှာပါ ရာဘာစေးခြစ်ယူတဲ့အထိ အတင့်ရဲလာကြတယ်။ တပ်ထဲကမိသားစုတွေပါ လာခြစ်ယူနေတာ။ ကျုံဘိုင်းက ခြံတွေမှာ သူတို့စစ်တပ် နေနေကြတယ်၊ ဂိတ်ချထားတယ်” ဟု ၎င်းရွာခံက ပြောသည်။

ကျုံဘိုင်းရွာဘက်တင်မက ထီးဖိုးစံရွာအုပ်စုတွင်လည်း ခမရ ၅၄၅၊ ၅၄၆ တပ်ရင်းများမှ တပ်ဖွဲ့ဝင်များနှင့် အိမ်သုံးပစ္စည်းများကို ကားဖြင့်သယ်ယူခြင်းတို့ နေ့စဉ်လိုလို လုပ်ဆောင်နေကြောင်း စစ်အုပ်စုအခြေအနေကို ထောက်လှမ်းနေသည့် ဒေသခံသတင်းအရင်းအမြစ်က ဆိုသည်။
ကျုံဒိုးနေ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “စစ်သား သားသမီးတွေ၊ မိန်းမတွေပါ သူတို့ လမ်းဂိတ်ချနေရာတို့၊ တပ်ထိုင်ထားတဲ့ရွာဘက်တွေကို လာတယ်။ သူများ အိမ်ကပစ္စည်းတွေ သယ်ပြီး ကျုံဒိုး ကမ်းနားဈေးမှာ ပြန်ရောင်းတယ်။ အခုဆို အိမ်တံခါးတွေ၊ ပျဉ်တွေပါ ခွာယူပြီး ကားနဲ့ သယ်ကြတယ်။ ညဘက် ရာဘာခိုးခြစ်ပြီး ရာဘာစေးကို ပြန်ရောင်းကြတယ်” ဟု ကေအိုင်စီကို ပြောသည်။
လက်ရှိ ကျုံဘိုင်းရွာ၌ စစ်အုပ်စုတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားပြီး လက်နက်ကြီး နှစ်လက် တပ်ဆင်ထားသည်။ ထို့အပြင် ဗျက္ခသီဟဘုရားကုန်းနေရာတွင်လည်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲနေရာယူထားပြီး လက်နက်ကြီးဖြင့် ကော့ကလောင်ရွာဘက်နှင့် နန်းကော်တေးရွာဘက်သို့ ရက်ခြားဆိုသလို ပစ်ခတ်လေ့ရှိကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
ထို့အတူ ကွီမောင်တိုင်၊ ထီဖိုးစံ၊ မိဖာလဲရွာဘက်တွင် KNLA မဟာမိတ်တပ်များ နှင့် စစ်အုပ်စုတို့ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုများ ရှိနေသလို နဘူးရွာကြီးနှင့် ရင်ကွဲတောင်၊ နောင်ထပ္ပံဂူ၊ ကော့ကရိတ်သို့သွားသည့် လမ်းပိုင်းအား စစ်အုပ်စုက အရပ်သား အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။


















