Home Facts Checking News ဘီလင်း အလူးကြီးရွာ ဗုံးကြဲခံရမှုမှာ သေဆုံးတဲ့အရပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင် တွေဖြစ်တယ်ဆိုပြီး သတင်းအမှားဖြန့်

ဘီလင်း အလူးကြီးရွာ ဗုံးကြဲခံရမှုမှာ သေဆုံးတဲ့အရပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင် တွေဖြစ်တယ်ဆိုပြီး သတင်းအမှားဖြန့်

61

ဘီလင်း အလူးကြီးရွာ ဗုံးကြဲခံရမှုမှာ သေဆုံးတဲ့အရပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင် တွေဖြစ်တယ်ဆိုပြီး သတင်းအမှားဖြန့်

Fact-check | Dawei Watch | KIC | The Red Flag | MFCN

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ၁၃ ရက် ညပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့ရာ အရပ်သားငါးဦးသေဆုံးပြီး ရှစ်ဦးလောက် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီဖြစ်စဥ်မှာ သေဆုံးသူတွေဟာ KNU ၊ PDF စတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက အောက်တိုဘာလ ၁၅ ရက်ကစလို့ ဖြန့်ချိနေကြပါတယ်။

Subscriber နှစ်သောင်းလေးထောင်ကျော်ရှိတဲ့ “နေပြည်တော်” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိချက်ဟာ မြင်တွေ့ရပြီးသူ လေးထောင်ကျော်နဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ ဖြန့်ချိချက်လင့်ခ် – https://archive.ph/n060D

အလားတူ “အဖိုးလေး” အမည်နဲ့ တယ်လီဂရမ်ချန်နယ်ရဲ့ ဖြန့်ချိချက် – https://archive.ph/bX9do

Subscriber တစ်သိန်းကျော်ရှိတဲ့ “Thazin Oo” အမည်နဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ စစ်အာဏာရှင်တပ်က ဗုံးကြဲလို့ ဒဏ်ရာရတဲ့ အလူးကြီးရွာက ဒဏ်ရာရသူရှစ်ဦးဖြစ်စဉ်ကို တော်လှန်ရေးတပ်တွေရဲ့ လက်နက်ကြီးကျည် ထိမှန်တာလို့ ဖြန့်ချိပြန်ပါတယ်။ ဖြန့်ချိချက်လင့်ခ် – https://archive.ph/bamwP

အထက်ပါ ဖြန့်ချိချက်တွေနဲ့ ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင် Dawei Watch နဲ့ KIC သတင်းဌာနတို့က အချက်အလက်စိစစ်ကြည့်ရာမှာတော့ မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲနေတဲ့ ပုံဖော်ဖြန့်ချိချက်အဖြစ် စိစစ်တွေ့ရှိရပါတယ်။

◾အလူးကြီးရွာ ညဘက် ဗုံးကြဲခံရပြီး အရပ်သားငါးဦးသေဆုံး

ဘီးလင်းမြို့နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အလူးကြီးကျေးရွာက ဒေသခံအရပ်သားငါးဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။

အောက်တိုဘာလ ၁၃ ရက် ည ၇ နာရီဝန်းကျင်က အလူးကြီးကျေးရွာထဲကို စစ်အာဏာရှင် ခြေမြန်တပ်ရင်း ခမရ (၃) လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ည ၁၀ နာရီဝန်းကျင်တွင်လည်း လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ခိုက်မှုများအတွင်း ဒေသခံအမျိုးသား သုံးဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက် ဒဏ်ရာရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုပါတယ်။

“ခမရ ၃ ကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ လေယာဉ်နဲ့လည်း လာပစ်တယ်။ ညအချိန်ဖြစ်တော့ လူတွေ ထိတာ။ အခြေအနေ အတော်ဆိုးပါတယ်။ အိမ်တွေလည်း ထိကုန်တယ်” လို့ သူက ပြောပါတယ်။

အထက်ပါအကြောင်းအရာနဲ့ ပတ်သက်တဲ့ Dawei Watch သတင်းလင့်ခ် – https://shorturl.at/ZqNWE

အလူးကြီးကျေးရွာထဲ စစ်အာဏာရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သားပြည်သူ ငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရကာ နေအိမ် ၁၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ KIC ကလည်း သတင်းဖော်ပြပါတယ် ။

“သူတို့က ရွာထဲကို ရမ်းသမ်းပစ်တော့ ရွာသား (၅) ယောက်သေပြီး (၈) ယောက်ဒဏ်ရာရတယ်။ သေတဲ့သူတွေထဲ (၁၃) နှစ်အရွယ် ကလေးတစ်ဦးလည်းပါတယ်။ ဒဏ်ရာရတဲ့အထဲက တစ်ယောက်က ခြေထောက်ဖြတ်လိုက်ရတယ်” လို့ ဒေသခံ တစ်ဦးက KIC ကို ပြောဆိုထားပါတယ်။

အထက်ပါအကြောင်းအရာနဲ့ ပတ်သက်တဲ့ KIC သတင်းလင့်ခ် – https://shorturl.at/xcOzD

လွတ်လပ်သော မွန်သတင်းအေဂျင်စီကလည်း အလူးကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားငါးဦး သေဆုံးပြီး၊ ရှစ်ဦး ဒဏ်ရာရတဲ့လို့သတင်းဖော်ပြထားပါတယ်။

လွတ်လပ်သော မွန်သတင်းအေဂျင်စီ သတင်းလင့်ခ် – https://shorturl.at/NzMDk

◾တိုက်ပွဲ မဖြစ်ဘဲ ဗုံးကြဲ၊ သေဆုံးသူတွေက အရပ်သားတွေသာဖြစ်

စစ်အာဏာရှင်တပ်က ဗုံးကြဲခဲ့တဲ့ အလူးကြီးရွာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ရဲ့ ထိန်းချုပ် နယ်မြေအထဲ ပါဝင်ပေမယ့်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာမဟုတ်ဘဲ ဗုံးကြဲခံရတာလို့ ဒေသခံတွေရဲ့ အတည်ပြုပြောဆိုချက်အရသိရပါတယ်။

“သူတို့ပစ်သွားတာတော့ ရွာပဲ။ တိုက်ပွဲမဖြစ်ဘူး။ တမင်ရွာထဲကို ကြဲချတာ။ ထိကုန်တာလည်း ရွာသားတွေပဲ။ အခုတော့ ရွာလုံးကျွတ်ပြေးကုန်ပြီ။ အနီးအနားက ရွာတွေလည်းရှောင်ကုန်ပြီ” လို့ ဒေသခံတစ်ဦး က KIC ကို ပြောဆိုထားပါတယ်။

Myanmar Now ရဲ့ သတင်းတစ်ပုဒ်မှာလည်း အာဏာရှင်တပ်က ဗုံးကြဲတဲ့နေရာမှာ တိုက်ပွဲမရှိဘဲ ဗုံးကြဲတာဖြစ်ပြီး စစ်ကြောင်းထိုးဖို့ ရည်ရွယ်ချက်နဲ့အရင်ရှင်းလင်းတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုထားကြပါတယ် ။

“တိုက်ပွဲတော့ မရှိဘူး။ စစ်ကြောင်းထိုးတော့မှာကြောင့် လုပ်တာလားလို့ မြင်မိတယ်” လို့ ဘီးလင်းမြို့နယ်ဒေသခံ အမျိုးသမီးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုထားပါတယ်။

အလူးကြီးရွာဟာ ဘီးလင်းမြို့အနောက်မြောက်ဘက် ခုနစ်မိုင်အကွာမှာ ရှိပြီး ရန်ကုန်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်း ကျိုက်ထို-ဘီးလင်းလမ်းပိုင်းရဲ့ မြောက်ဘက် သုံးမိုင်အကွာမှာ ရှိတဲ့ ရွာဖြစ်ပါတယ်လို့ ဖော်ပြပါတယ်။

အလူးကြီးရွာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားရာ နယ်မြေမှာ ပါဝင်တယ်လို့လည်း ဖော်ပြပါတယ်။

Myanmar Now သတင်းလင့်ခ် – https://shorturl.at/wWJtb

သေဆုံးသူတွေရဲ့ အချက်အလက်ကို ဒေသခံတွေဆီကနေတဆင့် စိစစ်မေးမြန်းအတည်ပြုကြည့်ရာမှာလည်း ရွာခံ သားအမိနှစ်ဦး၊ သားအဖနှစ်ဦးနဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦး စုစုပေါင်းငါးဦး ဖြစ်တယ်လို့ အတည်ပြုကြပါတယ်။

အသက် ၇၅ နှစ်အရွယ် ဦးကြာဘော်နှင့် သမီးဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဒေါ်မငယ်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်စန်းကြည်နှင့် သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်နိုင်လင်းအောင် (Grade 5 ကျောင်းသား) ၊ ရွှေ့ပြောင်းလုပ်သား အသက် ၆၅ နှစ်အရွယ် ဦးခင်ဦးတို့ ဗုံးထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒါကြောင့် သေဆုံးသူတွေဟာ သက်ကြီးပိုင်းတွေ၊ အမျိုးသမီးတွေနဲ့ ကျောင်းသားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

သေဆုံးသူတွေဟာ အရပ်သားတွေပဲဖြစ်ပြီး စစ်အာဏာရှင်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်တယ်လို့ KNU တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက ဧရာဝတီသတင်းဌာနကို ဖြေထားပါတယ်။

“အရပ်သား အိမ်ပေါ်ကို ကလပ်စတာဗုံးနဲ့ ချတာပေါ့နော်။ ကလေးတွေ တီဗွီကြည့်နေတာ၊ မိသားစုစုံတဲ့အချိန်ကို ဗုံးကြဲချခံရတာ။ အရပ်သားကို ပစ်မှတ်ထားတိုက်ခိုက်တာ အဆင်မပြေဘူး” လို့ သူက ပြောဆိုထားပါတယ်။

ဧရာဝတီ သတင်းလင့်ခ် – https://shorturl.at/tT1vF

သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်တာကို နယ်မြေခံတော်လှန်ရေးတာဝန်ရှိသူနဲ့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ စိစစ်အတည်ပြုနိုင်ခဲ့ပါတယ်။

စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖော်ပြချက်ဟာ ရှေ့နဲ့နောက် ဟန်ချက်မညီနေတာကိုလည်းတွေ့ရပါတယ်။

ကနဦးဖြန့်ချိချက်တွေမှာ အလူးကြီးဖြစ်စဥ်က စစ်အာဏာရှင်တပ်လက်ချက်နဲ့ သေဆုံးသူတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်လို့ ပုံဖော်ခဲ့ပြီး နောက်ပိုင်းမှာ ဒဏ်ရာရသူတွေကို စစ်အာဏာရှင်တပ်လက်ချက်ကြောင့် မဟုတ်ဘဲ တော်လှန်ရေးတပ်တွေရဲ့ လက်နက်ကြီးကြောင့်ဆိုပြီး ပြန်လည်ဖြန့်ချိပါတယ်။

ဒါကြောင့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖော်ပြချက်ဟာ ကွဲလွဲနေတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။

◾သုံးသပ်ချက်

စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အစုလိုက် သေဆုံး၊ ဒဏ်ရာရတဲ့ဖြစ်ရပ်ကို ဖုံးကွယ်ဖို့အတွက် သေဆုံးသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလို့ ပုံဖော်ဖြန့်ချိခဲ့တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတွေနဲ့ ပတ်သက်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်သဖွယ် အပြစ်ပုံချဖို့ ကြိုးပမ်းဖြန့်ချိခဲ့တာကို စိစစ်တွေ့ရှိရပါတယ်။

ဒါကြောင့် တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖြန့်ချိချက်တွေဟာ မြေပြင်အချက်အလက်နဲ့ကွဲလွဲနေပြီး စစ်အုပ်စုရဲ့ အပြစ်ကို ဖုံးကွယ်ဖို့ ပုံဖော်လုပ်ကြံရေးသားထားတဲ့ ဖြန့်ချိတွေဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ KIC နဲ့ Dawei Watch တို့ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web- https://myanmarfactcheckingnetwork.org/

Fb- https://www.facebook.com/myanmarfactcheckingnetwork