အောက်တိုဘာ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ ကမမောင်း–ဖာပွန်လမ်းကြောင်းပေါ်ရှိ ဆင်စွယ်(ထီးကဆောမဲ)ရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် အမှန်တကယ်ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးဟု ကေအဲန်ယူ တပ်မဟာ(၅) ကိုယ်စား ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၇) ရက်တွင် ဆင်စွယ်ရွာကို စစ်အုပ်စု သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ၎င်းတို့ထိန်းချုပ်ထားသည့်မီဒီယာများက သတင်းဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။
သို့ရာတွင် စစ်အုပ်စုသည် ကျေးရွာအတွင်း ဝင်ရောက်ကာ ဓာတ်ပုံရိုက်ယူပြီး ပြန်လည်ထွက်ခွာသွားခြင်းသာဖြစ်၍ ရွာအတွင်းအခြေချနိုင်ခြင်း မရှိသေးဟု ကေအဲန်ယူ တပ်မဟာ(၅) ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က ဆိုသည်။
“သူတို့(စစ်အုပ်စု အခြေချလို့မရဘူး။ မှတ်တမ်းပုံတွေ ရိုက်ပြီး ပြန်ထွက်သွားတာပဲ။ သူတို့စခန်းဟောင်းနေရာတောင် ပြန်ဝင်လို့မရဘူး။ တစ်နေရာမဟုတ် တစ်နေရာ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာ။ ပြောချင်တာက သူတို့နယ်မြေကို ထိန်းချုပ်နိုင်တာထက် သူတို့စစ်ကြောင်းကိုပဲ ထိန်းနေရတဲ့ အခြေအနေသာ ရှိပါတယ်” ဟု ပဒိုစောထို့ရော်ဘင်က ပြောသည်။
ထို့အပြင် အရပ်သားနေအိမ်များနှင့် ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့်အပေါ် စစ်အုပ်စုအနေဖြင့် ပြည်သူလူထုအကျိုးစီးပွားကို မည်မျှအထိ ထည့်သွင်းစဉ်းစားမှုရှိကြောင်းလည်း တပ်မဟာ(၅) ပြောခွင့်ရသူက ဖြည့်စွက်၍ပြောသည်။
စစ်အုပ်စု၏သတင်းထုတ်ပြန်ချက်များတွင်မူ ဖာပွန်ဒေသတွင် လမ်းတံတားများ ဖျက်ဆီးခံထားရခြင်းကြောင့် ပြည်သူများ ထိခိုက်နစ်နာမှုရှိနေသည်ဟု ဖော်ပြသည်။
လက်ရှိတွင် ဖာပွန်–ကမမောင်းလမ်းပိုင်းတစ်လျှောက် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၅) ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ထိုအထဲတွင် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူအများအပြားရှိသလို KNLA ထံ ဘက်ပြောင်းခိုလှုံလာသူများလည်း ရှိကြောင်း မူတြော်ခရိုင်ဘက်က ပြောသည်။
အာဏာစသိမ်းကတည်းက တပ်မဟာ(၅)နယ်မြေရှိ စစ်အုပ်စုတပ်စခန်းတစ်ခုပြီးတစ်ခုကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူမှုအရှိန်မြှင့်တင်ခဲ့ရာ တပ်စခန်းစုစုပေါင်း (၁၀၀)နီးပါးရှိသည့်အနက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အထိ ထက်ဝက်ကျော်ကို တော်လှန်ရေးတပ်က သိမ်းယူထားနိုင်ပြီးဖြစ်သည်။
ထို့အပြင် လက်ရှိစစ်အုပ်စုက အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းထိုးစစ်ဆင်လာသည့် ဖာပွန်မြို့ကို ကေအဲန်ယူက ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း KNLA တပ်မဟာ(၅)ဘက်က ပြောဆိုထားခြင်းရှိသည်။


















