Home တွေ့ဆုံမေးမြန်းခန်း “ခုချိန် NUG ကို ညံ့ပါတယ်လို့ ပြောရင် မတရားရာကျမယ်။ မညံ့ဘူးလို့ ပြောတာတော့ မဟုတ်ဘူး” ဒေါက်တာစိုင်းကြည်ဇင်စိုး

“ခုချိန် NUG ကို ညံ့ပါတယ်လို့ ပြောရင် မတရားရာကျမယ်။ မညံ့ဘူးလို့ ပြောတာတော့ မဟုတ်ဘူး” ဒေါက်တာစိုင်းကြည်ဇင်စိုး

18

“ခုချိန် NUG ကို ညံ့ပါတယ်လို့ ပြောရင် မတရားရာကျမယ်။ မညံ့ဘူးလို့ ပြောတာတော့ မဟုတ်ဘူး” ဒေါက်တာစိုင်းကြည်ဇင်စိုး

မြန်မာ့နိုင်ငံရေးသုတေသီ ဒေါက်တာစိုင်းကြည်ဇင်စိုးနှင့် ဆက်သွယ်မေးမြန်းခြင်း

(အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်)

အာဏာသိမ်းစစ်အစိုးရကို အာဆီယံက တရားဝင်အသိအမှတ်မပြုသေးသော်လည်း အာဆီယံ ထိပ်သီးနိုင်ငံအချို့က အာဏာသိမ်းသမ္မတကို နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ်များ ဖိတ်ခေါ်နေကြခြင်း၊ အာဆီယံအစည်းအဝေးများတွင် အာဏာသိမ်း စစ်အစိုးရ ပြန်လည် နေရာရရှိလာနိုင်ခြေ ရှိမရှိနှင့် အာဏာသိမ်း စစ်အစိုးရ အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန် မည်မျှအင်တိုက်အားတိုက် ကြိုးပမ်းနေသနည်းဆိုသည့် အချက်များကို မြန်မာ့နိုင်ငံရေးသုတေသီ ဒေါက်တာစိုင်းကြည်ဇင်စိုးအား ဆက်သွယ်မေးမြန်းထားသည်။

မေး – အာဏာသိမ်းသမ္မတက ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နဲ့ မလေးရှားတွေဆီကို သွားပြီးပြီ။ ပြီးတော့ အင်ဒိုနဲ့ ဘရူနိုင်းတို့ကိုလည်း ထပ်သွားဖို့ရှိတယ်။ ဆိုတော့ အာဏာသိမ်းသမ္မတရဲ့ ဒီအာဆီယံ ခရီးစဉ်တွေက ဘယ်လိုသဘောဆောင်ပါသလဲ။ အာဆီယံနိုင်ငံတွေက သူ့ကိုအသိအမှတ်ပြုလိုက်ပြီလို့ ပြောလို့ရပါသလား။
ဖြေ – အခုက အာဆီယံထဲမှာပါကြတဲ့ အဖွဲ့ဝင်နိုင်ငံတချို့က အသိအမှတ်ပြုတယ်။ ဒါပေမဲ့ အာဆီယံကြီး အနေနဲ့ကတော့ အခုချိန်ထိ အသိအမှတ်ပြုတာမျိုးကို သူတို့မလုပ်သေးဘူး။ အထူးသဖြင့် ဖိလစ်ပိုင်က ဥက္ကဋ္ဌ ဖြစ်တဲ့အချိန်မှာ ဒီဟာက အရင်ဆုံးဖြတ်ချက်အတိုင်းပဲ နိုင်ငံရေး ကိုယ်စားမပြုတဲ့သူကိုပဲ ပါဝင်ခွင့် ပေးထားသေးတယ်။ နိုင်ငံရေးကိုယ်စားပြု ပါဝင်တဲ့သူမျိုး အသိအမှတ်မပြုထားဘူး။

နောက်ပြီးတော့ ထိပ်သီးအစည်းအဝေးတွေမှာလည်း ဖိတ်ခေါ်ခြင်းမရှိသေးဘူး။ သူတို့ရဲ့ အဲဒီဟာကို တင်းပြည့်ကျပ်ပြည့် လက်ခံဖို့အတွက်ဟာ အဓိက five point consensus (ဘုံသဘောတူညီချက် ၅ ရပ်)မှာမူတည်တယ်လို့ သူတို့ စဉ်းစားထားတုန်းပဲ။ အဲဒီထဲကမှ အဓိက ၃ ချက် သူတို့ပြော ထားတာရှိတယ်။ အပစ်အခတ်ရပ်စဲဖို့၊ အရပ်သားထိခိုက်သေဆုံးမှုတွေ လျှော့ချဖို့နဲ့ တွေ့ဆုံဆွေးနွေး ဆောင်ရွက်ဖို့ဆိုတဲ့ဟာတွေ။ ဆိုတော့ အဲဒီဟာ ၃ ခု တိုးတက်မှုမရှိဘဲနဲ့ ဒါမှမဟုတ် အဲဒီဟာတွေ ပြောင်းလဲမှုရှိတယ်လို့ ASEAN member state တွေအကုန်လုံးက သဘောမတူမချင်းတော့ ဒီအခြေအနေကတော့ ပြောင်းဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုအခြေအနေကတော့ အာဆီယံရဲ့ ရပ်တည်ချက်နဲ့ အာဆီယံဒေသအတွင်းမှာ ပါဝင်ကြတဲ့ နိုင်ငံတွေရဲ့ ရပ်တည်ချက်နဲ့ တဖြည်းဖြည်းနဲ့ ကွဲလွဲမှုက စတင်လာပြီလို့ ကျနော်တို့မြင်ရတယ်။ အဲဒီအခြေအနေက ပိုပြီးတော့ ရှုပ်ထွေးတဲ့ အခြေအနေကို ရောက်သွားစေနိုင်တယ် ဆိုတဲ့ဟာမျိုးတော့ သုံးသပ်လို့ရတယ်။

မေး – ဒါဆိုရင် အာဆီယံဖက်က ဒီတော်လှန်ရေးအစုအဖွဲ့တွေကို ဘယ်လိုသဘောထားပြီးတော့ ဘယ်လိုဆက်ဆံနေပါသလဲ။
ဖြေ – မလေးရှားကိုပဲ ကြည့်လိုက်ပေါ့နော်။ မလေးရှားဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အုပ်ချုပ်သူအဖြစ် မင်းအောင်လှိုင်ကို state visit အဖြစ် နိုင်ငံတော်ဧည့်ခံပွဲနဲ့ ကြိုဆိုတယ်။ အဲဒီကြိုဆိုမှုမှာလည်း မလေးရှားနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝန်းကနေဆန့်ကျင်မှုတွေ ကန့်ကွက်မှုတွေရှိတယ်။ သူတို့ရဲ့ထုတ်ပြန်မှုမှာ state visit နဲ့ပတ်သက်ပြီး ပြန်ပြောလာတဲ့အခါ ဒါက အသိအမှတ်ပြုတဲ့ သဘောမဟုတ်ဘူးဆိုတာကို သူတို့အနေနဲ့ ပြန်ရှင်းပြနေရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ထဲမှာလည်း နိုင်ငံရေးအရ ကွဲလွဲတဲ့ရပ်တည်ချက်တွေ ရှိထားတဲ့အတွက်ကြောင့်မို့လို့ သူတို့နိုင်ငံထဲမှာလည်း ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စတွေ၊ ဘယ်သူအာဏာရမလဲဆိုတဲ့ ကိစ္စတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ ပြန်ဖြေရှင်းရတယ်။

တကယ်တမ်းကျတော့ ဒါက state visit ဆိုတာ မြင်သာထင်သာတယ်။ ဒါပေမဲ့ အဲဒါကြီးကို state visit အဖြစ် လက်မခံဖို့အတွက် သူတို့အနေနဲ့ ပြန်ပြီးတော့ မင်းအောင်လှိုင်ကို တရားဝင်အသိအမှတ်ပြုခြင်း မဟုတ်ပါဘူးဆိုတဲ့ဟာကို ပြန်ဖြေရှင်းနေရတယ်ဆိုတဲ့ဟာမျိုး တွေ့ရတယ်။ ထိတွေ့ဆက်ဆံမှုမှာ အခု ပြောင်းသွားတဲ့ဟာက အာဆီယံနိုင်ငံတွေအတွင်းမှာရော၊ နောက်ပြီး ကျန်တဲ့နိုင်ငံတွေကရော၊ အမေရိကန်နိုင်ငံ အပါအဝင်ပေါ့နော်။ Calibrated re-engagement ဆိုတဲ့စကားလုံးကို သူတို့သုံးတယ်။ ဘယ်လိုအပိုင်းတွေမှာ ထိတွေ့လို့ရမလဲ၊ ဘယ်အကျိုးစီးပွားနဲ့ ဆိုင်တဲ့ဟာတွေကို ချိန်ညှိမှုတွေနဲ့ ဘယ်အပိုင်း ဘယ်အကြောင်းအရာတွေကို သူတို့နဲ့ပြောလို့ရမလဲဆိုတဲ့ဟာမျိုးကို သူတို့လမ်းကြောင်းဖွင့်ထားတယ်။ လုံးဝ (Isolation) မထိမတွေ့ မဆက်ဆံဘဲနဲ့ ထားတာက လက်တွေ့မကျဘူး၊ ပြီးရင် အဖြေမရနိုင်ဘူး။

ပြီးရင် ကမ္ဘာကြီးမှာ ပြောင်းလဲစဉ်းစားလာကြတဲ့ နိုင်ငံတကာဆက်ဆံရေး ပုံစံတွေအရက ဒီ calibrated re-engagement policy က လုပ်ဖြစ်နိုင်တယ်ဆိုတဲ့ စဉ်းစားမှုရှိထားတဲ့အတွက်ကြောင့်မို့လို့ မင်းအောင်လှိုင်နဲ့လည်း စပ်ဆက်မယ်၊ ပြီးတော့ ဒီမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပဋိပက္ခထဲမှာ ပါဝင်နေတဲ့ တိုက်ရိုက်ချိတ်ဆက်နေတဲ့ အစုအဖွဲ့တွေနဲ့လည်း ထိတွေ့ဆက်ဆံဖို့လိုတယ်။ ဘယ်သူမှမချန်ထားဘဲနဲ့ ထိတွေ့ဆက်ဆံခြင်းနဲ့ ပူးပေါင်းအဖြေရှာမယ် ။ ပြီးရင် ရှေ့ဆက်ညှိနှိုင်းခြင်းအားဖြင့် အေးအေးချမ်းချမ်းရှိတဲ့ အဖြေရှာနိုင်တဲ့လမ်းကြောင်းပေါ်ကို ရောက်သွားနိုင်မယ်လို့ ကျနော်တို့ တော်တော်များများ စဉ်းစားကြတယ်။ အဲဒီဟာကိုလည်း ကြိုးစားနေကြတယ်ဆိုတဲ့ဟာမျိုးကိုတွေ့ရလိမ့်မယ်။

မေး – လက်ခံတယ်ပဲပြောပြော၊ လက်မခံဘူးပဲပြောပြော။ တရားဝင်တယ်ပဲပြောပြော၊ တရားမဝင်ဘူးပဲပြောပြော၊ ဒီအာဏာသိမ်းသမ္မတက အာဆီယံနိုင်ငံတော်တော်များများကို သွားရောက်လည်ပတ်ခဲ့ပြီးပြီ။ ဆိုတော့ ဒါက အာဆီယံမှာ မြန်မာနိုင်ငံက နေရာပြန်ရလာမယ့်သဘောလား။
ဖြေ – အခု လက်ရှိသွားနေတဲ့ပုံစံကတော့ အဲဒီလိုဖြစ်နေပြီလို့တောင် ပြောလို့ရတာပေါ့နော်။ အခုက အာဆီယံကြီးအနေနဲ့သာ လက်မခံတာ၊ ဒါပေမဲ့ အာဆီယံနိုင်ငံတွေ တော်တော်များများက အခု စပြီးတော့ လက်ခံတယ်။ တဝက်ကျိုးသွားပြီလို့ ပြောလို့ရတယ်။ ထပ်လာဦးမယ့်ဟာဆို အင်ဒိုနီးရှားနဲ့ ဘရူနိုင်းကလည်း သူတို့ဖိတ်ထားတယ်၊ စီစဉ်နေတယ်ဆိုတဲ့ဟာမျိုးကို သူတို့ပြောထားတယ်။ ဆိုတော့ သိပ်မကျန်တော့ဘူးပေါ့နော်။ နောက်အရေးအကြီးဆုံးကတော့ အမေရိကန်ရဲ့ထိတွေ့ဆက်ဆံမှုပေါ့နော်။ ပြီးခဲ့တဲ့လတုန်းက Castillo( အမေရိကန် စီးပွားရေးလုပ်ငန်းရှင်) ကို ပြန်လာထုတ်သွားတဲ့အချိန်မှာ မြန်မာနိုင်ငံနေပြည်တော်မှာ အမေရိကားရဲ့ ထိပ်သီးခေါင်းဆောင်နဲ့ သူတို့တွေ့ဆုံတယ်။ ပြီးရင် ပူးပေါင်းပြီးဆောင်ရွက်ဖို့ရှိတဲ့ အကြောင်းကိစ္စ ၂ ရပ်ပေါ့။ စကမ်စင်တာ (Scam center) တွေကို ချေမှုန်းနိုင်ဖို့ နှိမ်နှင်းနိုင်ဖို့ရယ်၊ ပြီးတော့ မြေရှားသတ္တုတူးဖော်ရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတာ။

အဲဒီခေါင်းစဉ် ၂ ခုက ပေါ်သွားပြီ။ ပြီးသွားရင် ပြည်တွင်းမှာလည်းကြည့်လိုက် မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံက ကုန်သွယ်မှုပိုင်းဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ ပဲတွေပို့ တာကအစပေါ့နော်။ လမ်းကြောင်းပေါက်နေပြီဆိုရင်တော့ဒါက အပြန်အလှန် အကျိုးစီးပွားကို စဉ်းစားနိုင်မှုရယ်၊ ပြီးရင် ဖော်ဆောင်နိုင်မှုအပေါ်မှာမူတည်ပြီးတော့ သူတို့အနေနဲ့ ဆက်ဆံရေးတွေ ပိုပြီး တိုးမြင့်လာစရာတွေရှိမယ်။ အခု အမေရိကန်ဖက်ကဆိုရင်တောင်မှ တချို့သူတွေကို ပိတ်ဆို့မှုတွေ ပြန်ပြီးတော့ လျှော့ပေါ့ပေးနေတဲ့ကိစ္စကိုလည်း မြင်လာရပြီ။

ဆိုတော့ trend က အဲဒီဖက်ကိုသွားနေတယ်လို့ ပြောလို့ရတယ်။ ဒီလိုမျိုး အနေအထားမျိုး ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အာဆီယံဒေသတွင်းမှာလည်း အဲဒီလိုမျိုး ပိုပြီးတော့ ထိတွေ့ ဆက်ဆံမှုတွေလုပ်နေတဲ့ အခြေအနေကနေပြီးတော့ အဲဒီထိတွေ့ဆက်ဆံတဲ့ နိုင်ငံတွေကြား ပိုပြီးတော့ ထင်သာမြင်သာရှိတဲ့ အကျိုးစီးပွားတိုးတက်မှုတွေရှိတယ်။ ပြီးတော့ မြန်မာပြည်တွင်းမှာရှိတဲ့ ပဋိပက္ခအခြေအနေအရလည်း ပြေလည်မှုသဘောဆောင်တဲ့ အခြေအနေအချက်အလက်တွေ ပေါ်ထွက်လာတယ်။ ဒါမှမဟုတ် သူတို့အနေနဲ့ ဖော်ထုတ်နိုင်တယ်ဆိုရင်တော့ အဲဒီဖက်ကိုရောက်သွားနိုင်တယ်။ ဒါပေမဲ့ တဖက်မှာ သတိထားစရာ တကယ်တမ်းလက်တွေ့မှာတော့ ဒီလိုမျိုးထိတွေ့ဆက်ဆံမှုတွေ ရှိလာတဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံထဲမှာ စစ်ရေးပဋိပက္ခတွေ လျှော့သွားတယ်ဆိုတဲ့ဟာတော့ အခုထိ မတွေ့ရသေးဘူး။ အခုချိန်အထိ ပြင်းထန်တဲ့စစ်ပွဲတွေ ရခိုင်မှာလည်း တောက်လျှောက်ဖြစ်နေတယ်။ ပြီးရင် ကချင်ဒေသဖက်မှာလည်း တောက်လျှောက်ဖြစ်နေသေးတယ်။

နောက်တော့ တခြားဒေသတွေမှာလည်း စစ်ရေးအရ တိုက်ခိုက်မှုတွေ ဆက်ပြီးတော့ရှိနေသေးတယ်။ အရပ်သားသေဆုံးမှုတွေကလည်း မလျော့ကျသေးဘူး။ အခုချိန်ထိ ရှိနေသေးတယ်ဆိုတဲ့ ဟာတော့ရှိတယ်။ အဲဒါကတော့ ခုနတုန်းက ထိတွေ့ဆက်ဆံကြမယ်ဆိုတဲ့ နိုင်ငံပေါ့နော်။ အဲလိုမျိုး ဆုံးဖြတ်ချင်တဲ့နိုင်ငံတွေထဲမှာ သူတို့အတွက်ရှိနေတဲ့ ကန့်သတ်မှုဖြစ်လိမ့်မယ်။ သူတို့အချင်းချင်းကြားထဲမှာ ငြင်းရခုံရမယ့် ကိစ္စတွေ ဖြစ်လိမ့်မယ်လို့ ပြောလို့ရမယ်။

မေး – အရင်ကဆို အမေရိကန်ဖက်က တော်လှန်ရေးအစုအဖွဲ့တွေကို အများကြီးအထောက်အပံ့ အကူအညီတွေ ပေးခဲ့တယ်။ အခုကျတော့ အမေရိကန်က နေပြည်တော်အစိုးရကို တိုက်ရိုက်ထိတွေ့ဆက်ဆံလာတာကို ဘယ်လို နားလည်ရမလဲ။
ဖြေ – ဒေါ်နယ်ထရမ့် မတိုင်ခင် ဂျိုးဘိုင်ဒင်ခေတ်မှာ ရှိနေတဲ့ပုံစံက ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ပြီးရင် နိုင်ငံတကာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ဟာ။ ပြီးသွားရင် အမေရိကားရဲ့ ခေတ်အဆက်ဆက် စစ်ရေးခေတ် ကတည်းက တည်ဆောက်လာတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတဲ့ ခေါင်းစဉ် အောက်ကနေပြီးတော့ ထိတွေ့ဆက်ဆံဖို့ကြိုးစားတယ်။ ပြီးရင် ခေတ်အဆက်ဆက် ပြောခဲ့ဆိုခဲ့တဲ့ စံနှုန်းသတ်မှတ်ချက်တွေပေါ့။ အဲဒီအပေါ်မှာ သူ့အနေနဲ့ ဆက်ဆံမယ် မဆက်ဆံဘူးဆိုတဲ့ဟာမျိုး စဉ်းစားတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့် ကျတော့ အဲဒီဟာတွေမပါတော့ဘူး။ သူတက် တက်လာချင်းကတည်းက တွေ့ရလိမ့်မယ်။ အဲဒီလို စံနှုန်းသတ်မှတ်ပြီးတော့ စုဖွဲ့ထားတဲ့ သူ့ရဲ့ American Administrative System ထဲမှာရှိတဲ့ အစုအဖွဲ့တွေကအစ အကုန်လုံးကို ဖျက်ချလိုက်တယ်။ USAID ကိုဖျက်လိုက်တယ်။ ပြီးသွားရင် အဲဒီလိုမျိုး ဒီမိုကရေစီခေါင်းစဉ် အောက်ကနေ ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာဌာနတွေကအစ VOA တို့၊ RFAတို့ကအစ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ဟာမျိုး။

အခုကျမှ ပြန်ပြီးတော့ တရားစွဲဆိုပြီးတော့ ပြန်ပြီးတော့ ထူထောင်နိုင်ဖို့ သူတို့ ကြိုးစားနေရတာပေါ့နော်။ အဲဒီလိုမျိုး ထောက်ပံ့ကူညီဖို့ ဒါမှမဟုတ် ထိတွေ့ဆက်ဆံဖို့ စံနှုန်းသတ်မှတ်ချက်နဲ့ စုဖွဲ့ထားတဲ့ အစုအဖွဲ့ အကုန်လုံးကို ဖျက်ဆီးလိုက်ပြီးတော့ အမေရိကန်အကျိုးစီးပွားကို လက်တွေ့အကျိုးရှိစေမယ့် ဆက်ဆံရေးပုံစံမျိုးကို သူအကောင်အထည်ဖော်တယ်ဆိုတာ တွေ့ရမယ်။ အဲဒီအတွက်ကြောင့်မို့လို့ သူရုရှားက ပူတင်နဲ့လည်းတွေ့တယ်။ ပြီးရင်မြောက်ကိုရီးယားနဲ့လည်း သူတို့ ထိတွေ့ ဆက်ဆံမှု တွေလုပ်ဖို့ သူတို့ကြိုးစားတယ်။ အဲဒီအတိုင်းပဲ ကျန်တဲ့နိုင်ငံတွေနဲ့လည်း ထိတွေ့ဆက်ဆံဖို့ သူတို့ကြိုး စားလာတယ်။ အထူးသဖြင့် အမေရိကန်အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မလား၊ မြင့်တင်နိုင် မလားဆိုတဲ့ အဲဒီ ၂ ခုပေါ်မှာ မူတည်ပြီးတော့ ဆက်ဆံတယ် မဆက်ဆံဘူးဆိုတဲ့ဟာတွေ၊ သူကောင်းခြင်း ဆိုးခြင်း၊ သူ့ရဲ့ယုတ်မာခြင်း ဒါမှမဟုတ် သူတော်ကောင်းဖြစ်ခြင်းဆိုတဲ့ စဉ်းစားမှုတွေ လုံးဝမပါတော့ဘူး ဆိုတဲ့ဟာမျိုး တွေ့ရတယ်။

နောက်တစ်ခုရှိတာက အမေရိကန်ရဲ့ အာရှဒေသ အထူးသဖြင့် မြန်မာနိုင်ငံကိုကြည့်တဲ့အချိန်မှာ သူမြင်တဲ့ဟာက မြန်မာနိုင်ငံကိုမြင်တာထက် အိန္ဒိယနဲ့တရုတ်ကို ပိုမြင်ရလိမ့်မယ်။ ဒါက သူ့အတွက် အကျိုးစီးပွားနဲ့ တိုက်ရိုက်နှီးနွယ်တဲ့ ကုန်သွယ်မိတ်ဖက်နိုင်ငံတွေလည်းဖြစ်တယ်။ တရုတ်ရဲ့ ကုန်သွယ်မိတ်ဖက်မှု ပုံစံရှိသလို တရုတ်ကုန်သွယ်မိတ်ဖက်မှု ပုံစံကလည်း တရုတ်ရဲ့ တိုးတက် ကျယ်ပြန့်လာတဲ့ ကုန်သွယ်မှုနဲ့ ချိတ်ဆက်မှုတွေက အမေရိကန်အကျိုးစီးပွားပေါ်မှာ ကန့်သတ်မှုနဲ့ အန္တရာယ်ရှိလာနိုင်တယ်လို့ အမေရိကန်ကလည်း စဉ်စားတယ်။

အဲဒီလိုမျိုး တရုတ်ချည်းကပဲ အကုန်လုံးကို ထိန်းချုပ်ထားတဲ့ အခြေအနေမျိုး မဖြစ်ရလေအောင် အမေရိကန်ရဲ့ အကျိုးစီးပွားကိုလည်း တရုတ်လွှမ်းမိုးမှုအောက်မှာ မပါသွားအောင် အမေရိကန်ရဲ့ အကျိုးစီးပွားတည်ဆောက်မှုလိုအပ်တဲ့ နေရာတွေအဖြစ်လည်း သူတို့ကြည့်ကြတယ်။ ကြည့်တဲ့အထဲမှာ မြန်မာကလည်းပါလာတယ်။ အခုဆိုရင် ကျနော်တို့ ကြည့်လိုက်ရင် မြန်မာနိုင်ငံကထွက်တဲ့ မြေရှား သတ္တုတွေက တရုတ်ကိုပဲ အဓိက တင်ပို့နေရတယ်။ ပြီးရင် မြန်မာနိုင်ငံကလည်း ကမ္ဘာမှာ စတုတ္ထအများဆုံး မြေရှားထွက်တဲ့ နိုင်ငံထဲမှာပါတယ်။ ပါတဲ့အတွက်ကြောင့်မို့လို့ တရုတ်က တောက်လျှောက်ရယူနေတဲ့အချိန်မှာ အမေရိကန်ရဲ့လိုအပ်မှုကို ကနေဒါကနေယူတယ်။ ပြီးရင် တရုတ်ကနေလည်း မြေရှားသတ္တုနဲ့ဆိုင်တဲ့ကိစ္စတွေကို တင်သွင်းနေရတယ်။ အဲဒီလို အနေအထားမျိုးမှာ တရုတ်က မြန်မာနိုင်ငံကထွက်တဲ့ ရှားပါးသတ္တုတွေကို တရုတ်နိုင်ငံတစ်ခုတည်းက ထိန်းချုပ်ထား တာထက် အမေရိကန်အနေနဲ့ ပါဝင်ပတ်သက်ဖို့ လိုအပ်တယ်ဆိုတဲ့စဉ်းစားမှုရှိလာတယ်။

နောက်ပြီး မြန်မာနိုင်ငံကို သူတို့စဉ်းစားတဲ့အချိန်မှာလည်း ကျန်တဲ့အကျိုးစီးပွားကော၊ ဒီမိုကရေစီတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ညာတို့ ဆိုတဲ့ဟာက ဟိုးအောက်ဆုံးမှာရှိလိမ့်မယ်။ ဒုတိယတခု သူတို့အတွက်အရေးကြီးဆုံးက ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံမှာ အခြေပြုပြီးတော့ လိမ်ထားတဲ့ ကျားဖြန့်လုပ်ငန်းဟာပေါ့နော် လိမ်ထားတဲ့ဟာတွေကြောင့်မို့လို့ အမေရိကန်ပြည်သူလူထုက ဘီလီယံဆယ်နဲ့ချီပြီးတော့ ဆုံးရှုံးနစ်နာမှုတွေရှိထားတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အမေရိကန် အကျိုးစီးပွားကို အကာအကွယ်ပေးရမယ်။ အမေရိကန်ပြည်သူလူထုရဲ့ ဆုံးရှုံးနစ်နာမှုကို အကာအကွယ် ပေးဖို့ လိုအပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ scam center တွေနှိမ်နှင်းဖို့ဆိုတဲ့ဟာကိုလည်း သူချဉ်းကပ်တယ်ဆိုတာကို တွေ့ရတယ်။

ဒါပေမဲ့ အဲဒီလိုချဉ်းကပ်နေတဲ့အချိန်မှာ အမေရိကန်က လက်ရှိ အာဏာရထားတဲ့ ဒေါ်နယ်ထရမ့် မှာ အဲဒီလိုစဉ်းစားနေပေမဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ အာဏာတည်ဆောက်မှု စုဖွဲ့မှုပုံစံထဲတော့ သဘောထားကွဲလွဲမှုတွေရှိတယ်။ ဟိုးအရင် ခေတ်အဆက်ဆက်က ဒီမိုကရေစီလူ့အခွင့် အရေးဆိုတဲ့စဉ်းစားမှုနဲ့ တည်ဆောက်လာတဲ့ နိုင်ငံရေးအသိုင်းအဝန်းတွေ၊ နိုင်ငံရေးပါတီတွေ ဒါမှမဟုတ် အစုအဖွဲ့တွေ ရှိကြတယ်။ အခုချိန်မှာ ဒေါ်နယ်ထရမ့်ကို ဝိုင်းပြီးပြစ်တင်ဝေဖန်တာတွေလုပ်တယ်။ ပြီးသွားရင် သူတို့အနေနဲ့ တရားဥပဒေအကြောင်းအရ ဒေါ်နယ်ထရမ့် ရဲ့လုပ်ဆောင်မှုတွေက ဥပဒေဘောင်ကိုကျော်လွန်တယ်ဆိုပြီး ရှုမြင်ပြီးတော့ တရားရေးအရ ဒေါ်နယ်ထရမ့်ကို တရားစွဲနေတဲ့ ကိစ္စတွေလည်းရှိထားတယ်။ ဒါကလည်း သူတို့နိုင်ငံအတွင်းမှာ လွန်ဆွဲနေတဲ့ကိစ္စ။ ဒါပေမဲ့ ဒေါ်နယ်ထရမ့် ရဲ့အခုလက်ရှိအနေအထားမှာ သမ္မတလည်းဖြစ်တယ်၊ နိုင်ငံရဲ့အစိုးရလည်း ဖြစ်နေတဲ့အ တွက်ကြောင့်မို့လို့ သူ့ရဲ့မူဝါဒရဲ့အကျိုးသက်ရောက်မှုကို ချက်ချင်းမြင်ရတယ်။

အဲဒီပုံစံနဲ့ ချဉ်းကပ်နေတယ်ဆိုတဲ့ဟာကို ကျနော်တို့နားလည်ဖို့လိုတယ်။ အဲဒီပုံစံနဲ့ ချဉ်းကပ်တဲ့ အတွက်ကြောင့်မို့လို့ သူ့အနေနဲ့ မင်းအောင်လှိုင်ကောင်းခြင်းဆိုးခြင်းဆိုတဲ့ကိစ္စဟာ အရမ်းကြီး ထည့်စဉ်းစားရမယ့်ကိစ္စတော့မဟုတ်ဘူး။

အဲဒီလိုရှိနေတဲ့ အနေအထားထဲမှာ အမေရိကန်အကျိုးစီးပွားကို ဘယ်လောက်အထိဖော်ဆောင်နိုင်မလဲ၊ အကာအကွယ်ပေးနိုင်မလဲ ပြီးသွားရင် သူ့ကိုတရားစွဲမယ့်ကိစ္စတွေ လမ်းကြောင်းတွေ ရှိထားပြီးသား ဥပဒေဘောင်အတွင်းကနေပြီးတော့ မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံမှုတွေက အဲဒီလို ဥပဒေချိုး ဖောက်မှု မဖြစ်စေမယ့်လမ်းကြောင်းကို ဘယ်လိုပုံစံမျိုး ဖန်တီးလို့ရမလဲဆိုတဲ့ဟာတွေနဲ့ စဉ်းစားပြီးတော့ ပိုပြီးတော့ တိုးဆက်ဆံမယ့်သဘောမျိုးကို ကျနော်တို့နားလည်လို့ရတယ်။ အဲလိုမျိုးဟာမှာ ပူးပေါင်းဖို့အတွက်ကလည်း မင်းအောင်လှိုင်အစိုးရက ပိုက်ဆံအကုန်အကျခံပြီးတော့ လော်ဘီတွေအများကြီး ငှားထားတယ်။ အဲလိုမျိုးဟာမျိုးနဲ့ သူတို့ တွန်းတွန်းတိုက်တိုက် ကြိုးစားနေကြတယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့မြင်ဖို့လိုတယ်။

မေး – ဒါဆိုရင် တရုတ်နိုင်ငံဖက်က သူတို့ရဲ့မဟာပြိုင်ဖက်ဖြစ်တဲ့ အမေရိကန်နဲ့ နေပြည်တော်အစိုးရ ထိတွေ့ဆက်ဆံတာကို သဘောကျပါ့မလား။ ဘယ်လိုမျိုးတွေ တုံ့ပြန်လာနိုင်သလဲခင်ဗျ။
ဖြေ – သူတို့နှစ်နိုင်ငံအနေနဲ့ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဒီမြန်မာ့အရေးကိစ္စ၊ ပြီးရင် ဒေသတွင်းကိစ္စ၊ အာဆီယံကိစ္စတွေမှာ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နိုင်မလဲ ပြီးရင် အမေရိကန်ကနေပြီး အာဆီယံအပါအဝင် မြန်မာနိုင်ငံရေးကိစ္စတွေအပေါ်မှာ သူ့ရဲ့စိတ်ဝင်စားမှုက ဘယ်လောက်ကြာကြာထိရှိနေဦးမလဲ ဆိုတဲ့ဟာတွေက မေးခွန်းတွေဖြစ်လိမ့်မယ်။ အဲဒီအပေါ်မူတည်ပြီးတော့ သူတို့ရဲ့ဆောင်ရွက်မှုပုံစံတွေ ပါဝင်ပတ်သက်မှုတွေကို မြင်လာရနိုင်တယ်။

ပြီးရင် သူတို့ရဲ့ပူးပေါင်းနိုင်ခြင်း မပူးပေါင်းနိုင်ခြင်းအပေါ် မူတည်ပြီးတော့ အခုရှိနေတဲ့ ပဋိပက္ခကနေ ပိုပြီးတော့ကြီးထွားသွားမလား ဒါမှမဟုတ် အခုရှိနေတဲ့ ပဋိပက္ခကနေ ပိုပြီးတော့ ထိန်းချုပ်လာနိုင် မလားဆိုတဲ့ဟာကိုလည်း ကျနော်တို့ မြင်လာရနိုင်တယ်လို့ မှန်းထားကြတယ်။

မေး – အာဏာသိမ်းသမ္မတက အမေရိကန်နဲ့လည်း ထိတွေ့ဆက်ဆံနေပြီး အာဆီယံနိုင်ငံတွေကိုလည်း လှည့်ပတ်သွားလာနေပြီ။ ဒါက အာဏာသိမ်းသမ္မတအနေနဲ့ တရားဝင်မှုရအောင် ကြိုးစားတဲ့နေရာမှာ တော်လို့လား ဒါမှမဟုတ် တော်လှန်ရေးအစုအဖွဲ့တွေက တရားဝင်မှုရအောင်ကြိုးစားတာက အားနည်းခဲ့လို့လား။
ဖြေ – မြန်မာနိုင်ငံမှာရှိနေတဲ့အစုအဖွဲ့ အခုအချိန်မှာ NUG ညံ့ပါတယ်လို့ပြောရင်လည်း မတရားရာကျစရာရှိတယ်။ မညံ့ဘူးလို့ပြောတာတော့မဟုတ်ဘူး၊ သူ့ရဲ့အားနည်းချက်တွေတော့ရှိတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရင်ဆိုင်ရတဲ့ကိစ္စကလည်း ၂၀၂၁ အာဏာသိမ်းယူမှုကိစ္စတခုတည်းတော့မကဘူး။ ၂၀၂၁ အာဏာမသိမ်းခင်မှာ ရှိခဲ့တဲ့ ပလက်ဝ ရခိုင်စစ်ပွဲ၊ ပြီးတော့ ၂၀၁၁-၁၂ မှာပြန်စခဲ့တဲ့ ကချင်နဲ့စစ်ပွဲ၊ ပြီးရင် မြန်မာနိုင်ငံထဲမှာရှိကြတဲ့ လူမျိုးစု အစုအဖွဲ့တွေနဲ့ မြန်မာလူများစုနဲ့ ပြီးရင် ဒီအုပ်ချုပ်သူလူတန်းစားနဲ့ကြားထဲမှာ ရှိခဲ့တဲ့ ကတိကဝတ်ချိုးဖောက်မှုတွေ၊ ပင်လုံကတိကဝတ်ချိုးဖောက်မှုကနေစပြီးတော့ ၂၀၂၁ အာဏာမသိမ်းခင်အထိ နိုင်ငံရေးအရ သစ္စာဖောက်မှုတွေက နာကျည်းစရာတွေအဖြစ်ရှိနေတယ်။

အဲဒီဟာတွေ အကုန်လုံးကို NUG လိုမျိုး၊ ဒါမှမဟုတ် တော်လှန်ရေးခေါင်းဆောင်အစုအဖွဲ့တွေက အမွေဆက်ခံရတဲ့ပုံစံမျိုးကို ကျနော်တို့မြင်ကြည့်လို့ရတယ်။ အဲဒီလိုမျိုး ရှုတ်ထွေးတဲ့အမွေဆက်ခံမှုနဲ့ ဦးဆောင်မှုနေရာကို ယူလိုက်ပြီးသွားတဲ့အချိန်မှာ အမွေဆက်ခံလိုက်ရတဲ့ ပြဿနာတွေကို သူဖြေရှင်းဖို့လိုသလို ပြောင်းလာတဲ့ ကမ္ဘာကြီးရဲ့ပြောင်းလဲမှုအရွေ့ကိုလည်း လိုက်လျောညီထွေလုပ်နိုင်ဖို့လိုတယ်။ ဆိုတော့ အဲဒီဟာလုပ်နိုင်ဖို့ကတော့ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။ အခုလက်ရှိအနေအထားမှာဆို ပိုပြီးတော့ဆိုးတာက တော်လှန်ရေးလို့ပြောလိုက်ရင် တော်လှန်ရေးအစုအဖွဲ့ရဲ့ လုပ်နိုင်တဲ့ဟာ ဒါမှမဟုတ် စဉ်းစားတဲ့ဆုံးဖြတ်မှုတွေက အမြဲတမ်း ကန့်သတ်မှုကကြီးတယ်။