အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ နို့တကော(ကြာအင်းဆိပ်ကြီး)မြို့နယ်တွင် အောက်တိုဘာ(၉)ရက်မှ (၁၀)ရက်အထိ ကော်သူးလေအမျိုးသမီးများကွန်ရက်(K.W.N) ဦးဆောင်ပြုလုပ်ခဲ့သည့် ရှမ်းအမျိုးသမီးများတွေ့ဆုံဆွေးနွေးပွဲအပြီး ရှမ်းလူမျိုး အမျိုးသမီးကွန်ရက်ကို ဖွဲ့စည်းလိုက်ကြောင်း ကေအဲန်ယူထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ဆွေးနွေးမှုဖြင့် ရှေ့လုပ်ငန်းစဥ်များကို ချမှတ်အတည်ပြုခဲ့ပြီးနောက် ရှမ်းလူမျိုးအမျိုးသမီးကွန်ရက်ကို ဖွဲ့စည်းပေးခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က ယနေ့ အောက်တိုဘာ(၁၂)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။
နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လူမှုစီးပွားရေးတို့တွင် အမျိုးသမီးများ ပါဝင်မှုကိုမြှင့်တင်ရန်၊ ဆုံးဖြတ်ချက်ချမှတ်သည့် ကဏ္ဍများတွင် အမျိုးသမီးများ ကိုယ်စားပြုမှု၊ ခေါင်းဆောင်မှုကို တိုးမြှင့်ရန်နှင့် တိုင်းရင်းသူအချင်းချင်းကြား ပူးပေါင်းလုပ်ဆောင်မှု အားကောင်းစေရန် ရည်ရွယ်ပြီး ပွဲပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

ရှမ်းလူမျိုး အမျိုးသမီးကွန်ရက် ပေါ်ပေါက်လာသည့်အဆိုပါပွဲတွင် ရှမ်းအမျိုးသမီးများနေထိုင်ရာဒေသမှ အမျိုးသမီးများ၏ခေါင်းဆောင်မှု၊ နိုင်ငံရေးတွင်ကိုယ်စားပြုမှု၊ အမျိုးသမီးများအပေါ် ခေတ်ကာလအခြေအနေအရ သက်ရောက်မှု၊ အဟန့်အတားနှင့်စိန်ခေါ်မှုများကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
ထို့အတူ ပွဲပြုလုပ်ကျင်းပသည့်ရည်ရွယ်ချက်နှင့်ကိုက်ညီသော အကြောင်းအရာများကို တက်ရောက်လာသည့် ခရိုင်တာဝန်ရှိသူများက ရှင်းလင်းတင်ပြ၍ ပါဝင်သူများနှင့် အမေးအဖြေပြုလုပ်ခဲ့ကြခြင်းလည်း ရှိသည်။
ရှမ်းလူမျိုး အမျိုးသမီးကွန်ရက် ဖွဲ့စည်းခဲ့သည့် အဆိုပါဆွေးနွေးပွဲသို့ ကေအဲန်ယူခရိုင်၊မြို့နယ် တာဝန်ရှိသူများနှင့် K.W.N တို့အပြင် ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှတာဝန်ရှိသူများ၊ ရှမ်းအမျိုးသမီးများ၊ လူငယ်ကိုယ်စားလှယ်များနှင့် အမျိုးသားများလည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။


















