Home သတင်း ကရင်ပြည်နယ်ငြိမ်းချမ်းရေးခေါင်းစဥ်တပ် စစ်အုပ်စုလုပ်ဆောင်မှု စစ်မှန်သည့်ငြိမ်းချမ်းရေး မရနိုင်ဟု ကေအဲန်ယူပြော

ကရင်ပြည်နယ်ငြိမ်းချမ်းရေးခေါင်းစဥ်တပ် စစ်အုပ်စုလုပ်ဆောင်မှု စစ်မှန်သည့်ငြိမ်းချမ်းရေး မရနိုင်ဟု ကေအဲန်ယူပြော

24

‌အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်စစ်အုပ်စုအဖွဲ့ဦးဆောင်ကာ ဒေသအတွင်းငြိမ်းချမ်းရေးအတွက် ခေါင်းစဉ်တပ် လုပ်ဆောင်နေသော်လည်း ၎င်းတို့၏နိုင်ငံရေးထွက်ပေါက်သာဖြစ်ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးမရနိုင်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

ပြီးခဲ့သည့်လပိုင်းတွင် စစ်အုပ်စုသည် ၎င်းတို့နဲ့ အပစ်ရပ်ထားသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကရင်ဘာသာရေးခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးကိုအမည်ခံ တွေ့ဆုံ၍ ၎င်းတို့အတွက်ပြန်လည်အသုံးချရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

သို့ရာတွင် အာဆီယံကတောင်းဆိုထားသည့် ဘုံသဘောတူညီချက် (၅) ချက်ကိုပင် စစ်အုပ်စုက ဖြည့်ဆည်းနိုင်ခြင်းမရှိသောကြောင့် စစ်မှန်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်လာရန်မရှိဟု ကေအိုင်စီ-ကရင်သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပဒိုစောကလယ်စေးက ပြောသည်။

“တိုင်းပြည်ထဲက ပဋိပက္ခတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အခက်အခဲတွေက အာဆီယံတိုင်းပြည်တွေအထိ သက်ရောက်သွားတယ်။ အဲဒီတော့ အာဆီယံ တိုင်းပြည်တွေတောင်းဆိုတဲ့ ဒါမှမဟုတ် ဘုံသဘောတူညီထားတဲ့ အချက် (၅) ချက်ကို ကနဦး သူတို့(စစ်အုပ်စု)က ဖော်ဆောင်ပေးသင့်တာပေါ့။ အဲဒါပြီးမှ နောက်ဆက်တွဲဖြစ်လာမဲ့ အဆင့်ဆင့်လုပ်ငန်းစဉ်တွေကနေ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရနိုင်မယ်။ အဲဒီလိုလုပ်ဆောင်နိုင်မှ ငြိမ်းချမ်းရေးကို ထူထောင်နိုင်မှာပါ” ဟု ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းကလည်း ကရင်ပြည်နယ်၊ ဖားအံမြို့၌ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် တစ်ခုကို ပြည်နယ်စစ်အုပ်စုက ဦးဆောင်ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ ငြိမ်းချမ်းရေးကို လိုလားသည့်သဘောထားပုံရိပ်အား ပြသခဲ့ခြင်းရှိသည်။

Photo: KIC , MOI

ယင်းဖိုရမ်တွင် ကေအဲန်ယူမှလွဲ၍ ကျန်သည့် ကရင်လက်နက်ကိုင်ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြသလို စစ်အုပ်စုက ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)၏ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် ကေအဲန်ယူမှ စစ်တပ်ဖက်သို့ ဘက်ပြောင်းသွားသည့် မန်းငြိမ်းမောင်လည်း ပါဝင်တက်ရောက်ခဲ့သည်။

ထို့အပြင် ကေအဲန်ယူ ဥက္ကဋ္ဌဟောင်း စောမူတူးစေဖိုးနှင့် ကရင်လက်နက်ကိုင် (၃) ဖွဲ့ ခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ဒေသအတွင်းဩဇာရှိသည့် ကရင်ဘာသာရေးခေါင်းဆောင်များကိုပါ စစ်အုပ်စုက ယင်းဖိုရမ်သို့ဖိတ်ခေါ်တက်ရောက်ခဲ့ကြောင်း သိရသည်။

သို့သော် လက်တွေ့တွင် ကေအဲန်ယူ အုပ်ချုပ်နယ်မြေအတွင်း စစ်အုပ်စုသည် အရပ်သား၊ စစ်သား မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်ခြင်းများကို တိုးမြှင့်လုပ်ဆောင်လာကြောင်း ကရင်အရပ်ဖက်အဖွဲ့များ၏မှတ်တမ်းများက ဖော်ပြသည်။

ထို့အပြင် စစ်အင်အားတိုးချဲ့ကာ မြေပြင်စစ်ကြောင်းများထိုးနေသလို နယ်မြေထိန်းချုပ်နိုင်ရေး အသည်းအသန်ကြိုးပမ်းနေသည်ဟုလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။