စက်တင်ဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းအစိုးရ အသစ်အသုံးပြုလာသော ပြည်နှင်ဒဏ်ပေးရေးမူဘောင်အရ ပြည်သူ့ငြိမ်ဝပ်ပိပြားမှုနှင့် လူမှုအေးချမ်းသာယာရေးကို ထိခိုက်စေသည်ဟု ယူဆရသည့် အပြုအမူများကြောင့် ပြင်သစ်နိုင်ငံသား Kevin Dimino ဆိုသူ ကို ထိုင်းနိုင်ငံမှ ပြည်နှင်ဒဏ်ပေးရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
၎င်းသည် ပြီးခဲ့သည့်လမှစတင်ကျင့်သုံးခဲ့သည့် ထိုင်းနိုင်ငံမှ နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးနိုင်သော ဥပဒေအရ အစ္စရေးနိုင်ငံသားတစ်ဦး စက်တင်ဘာလ (၅) ရက်နေ့တွင် ပထမဆုံးအကြိမ် ပြည်နှင်ဒဏ်ခံရပြီးနောက် ဒုတိယမြောက် ပြည်နှင်ဒဏ်ပေးခြင်းဖြစ်သည်။
အများပြည်သူများကို ထိခိုက်စေမှုဖြင့် ယခုတစ်ကြိမ် ပြည်နှင်ဒဏ်ပေးမှုကို ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင် ကိုယ်တိုင်လက်မှတ်ရေးထိုး၍ အမိန့်ထုတ်ပြန်ခြင်းဖြစ်သလို ပြည်နှင်ဒဏ်ခံရသူ ပြင်သစ်နိုင်ငံသားသည် ထိုင်းနိုင်ငံ၏ ၁၉၇၉ မြေယာအက်ဥပဒေ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ၎င်းနိုင်ငံခြားသားတွင် အခြားလူမှုရေးပြဿနာဖြစ်သော အများသူငှာကို ရန်လိုပြုမူခြင်းနှင့် စိတ်အနှောက်အယှက်ဖြစ်စေခြင်းတို့လည်း ရှိကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
တရားရုံးအမိန့်အရ အဆိုပါပြင်သစ်နိုင်ငံသားအား ဘတ် ၁ သောင်း ဒဏ်ငွေပေးဆောင်ရန် ချမှတ်ထားသော်လည်း ၎င်းကိုယ်တိုင် ပြစ်မှုကျူးလွန်ကြောင်းဝန်ခံခြင်းကြောင့် ဘတ် ၅ ထောင်အထိ လျှော့ချပေးရန်ရှိကြောင်း သိရသည်။
ထို့အပြင် ၎င်းကို ခရီးသွားဧည့်သည်များအကြား အမျိုးသားရေးနှင့် ဘာသာရေးအစွန်းရောက်မှုဖြစ်စေရန် လှုံ့ဆော်ခြင်း၊ အခြားသူများ၏ လုံခြုံမှုနှင့် စိတ်ပိုင်းဆိုင်ရာကို အနှောက်အယှက်ဖြစ်စေမှုများ ကျူးလွန်ထားသူအဖြစ်လည်း စွပ်စွဲထားသည်။
ပြည်နှင်ဒဏ်ပေးရေးမူဘောင်ဖြင့် ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်ခဲ့သော်လည်း အမိန့်ကို ပယ်ဖျက်ရန် သို့မဟုတ် ထိုင်းနိုင်ငံမှ ဖယ်ရှားမခံရစေရန် အမိန့်စာ အကြောင်းကြားသည့်နေ့မှစ၍ ရက်ပေါင်း (၇) ရက်အတွင်း အဆိုပါပြင်သစ်နိုင်ငံသားအနေဖြင့် အယူခံဝင်ပိုင်ခွင့် ရှိသည်။
ဒုတိယအကြိမ်မြောက် ပြည်နှင်ဒဏ်ချမှတ်ခံထားရသော ပြင်သစ်နိုင်ငံသားသည် သူနှင့် ထိုင်းလူမျိုးဇနီးဖြစ်သူတို့ ပူးတွဲလုပ်ကိုင်သည့် Samui Exotic Park အတွင်း အစ္စရေးခရီးသွားများကို ဝင်ရောက်ခွင့်မပေးဘဲ ပါလက်စတိုင်းအလံကို ပြသခဲ့ရာမှ အငြင်းပွားမှု စတင်ဖြစ်ပွားခဲ့သည်။
အဆိုပါ အငြင်းပွားမှုသည် နောက်ပိုင်းတွင် ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့တိုက်ခိုက်မှု စွပ်စွဲချက်များအထိ ကြီးထွားလာခဲ့ကြောင်းလည်း သတင်းများအရ သိရသည်။


















