Home သတင်း ကျုံဒိုး၊ ကော့ကရိတ်တွင် အမာခံစခန်းများ တည်ဆောက်ရန် စစ်အုပ်စုက ဆောက်လုပ်ရေးပစ္စည်းများ နေ့စဥ် ပို့ဆောင်နေ

ကျုံဒိုး၊ ကော့ကရိတ်တွင် အမာခံစခန်းများ တည်ဆောက်ရန် စစ်အုပ်စုက ဆောက်လုပ်ရေးပစ္စည်းများ နေ့စဥ် ပို့ဆောင်နေ

18
Photo: CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)

စက်တင်ဘာ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကျုံဒိုး၊ ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာတပ်စွဲနိုင်ရေး စစ်အုပ်စုက ဖားအံမြို့ဘက်မှ စစ်တပ်ဝင်းနေရာနှင့်ဂိတ်စခန်းများသို့ စက်တင်ဘာ ပထမအပတ်ကနေ ဒုတိယအပတ်အထိ ဆောက်လုပ်ရေးပစ္စည်းများ နေ့စဉ် ပို့ဆောင်လျက်ရှိကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို တစ်နှစ်နီးပါးကြာ စစ်အုပ်စု ပြန်လည်ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့လုံလုံခြုံခြုံအသုံးပြုရန် စိတ်ချရခြင်းမရှိသေးသဖြင့် ထိုသို့ အခိုင်အမာ စစ်တပ်စခန်းများ တည်ဆောက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဒေသတွင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

“ကျုံဒိုး၊ ကော့ကရိတ် လမ်းက ရွာတွေမှာ အခုထိ လူပြန်မနေနိုင်သေးဘူး။ သူတို့(စစ်အုပ်စု)ပဲ ရှိနေတာ။ အခု အုတ်၊ သဲ၊ ကျောက်ကားတွေ၊ ဘိလပ်မြေကားတွေ လာချတယ်။ ကွန်ကရစ် ဘန်ကာအကြီးစားတွေ၊ ဂိတ် ခြံစည်းရိုးတွေ လုပ်ဖို့ လုပ်နေတယ်။ စစ်တပ်တပ်ရင်းတွေထဲလည်း အဲဒီလိုပဲ” ဟု ကျုံဒိုးရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ထိုခံစစ်စခန်းများအတွက် ဆောက်လုပ်ရေးပစ္စည်းများကို စစ်အုပ်စုက ကျုံဒိုးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၅) ၊ (၅၄၆) ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၂) ၊ ခြေလျှင်တပ်ရင်း ခလရ (၉၇) ၊ ရင်ကွဲတောင်၊ ငါးတိုင်၊ လျှပ်စစ်ရုံးဝင်း၊ နွားခြံကုန်းရွာထိပ် နှင့် ကိုးတိုင် အဖွဲ့စုံဂိတ် နေရာများသို့ ပို့ဆောင်နေခြင်း ဖြစ်သည်။

ထို့အပြင် ဆောက်လုပ်ရေးအတွက် အလုပ်သမားခေါ်ယူနေသော်လည်း လျှောက်ထားသူမရှိသဖြင့် ၎င်းတို့တပ်ဖွဲ့ဝင်မိသားစုများကိုသာ ငွေကြေးပေး ခေါ်ယူရန် ပြင်ဆင်နေကြောင်းလည်း စစ်အုပ်စုနှင့်နီးစပ်ရာအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ဒေသခံများအတွက်မူ ထိုကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက် စစ်အုပ်စုနှင့် ခွဲထွက်ကရင့်လက်နက်ကိုင်တပ်ဖွဲ့များက ဂိတ်ချစစ်ဆေးနေခြင်းကြောင့် လွတ်လပ်စွာဖြတ်သန်းသွားလာရန် အခက်အခဲရှိသည်။ ခရီးသွားနှင့်ကုန်တင်မော်တော်ယာဥ်များမှာမူ အခကြေးငွေပေး၍ သွားလာနေရသည်ဟု ဒေသခံများက ဆိုသည်။

စစ်အုပ်စုသည် တဖက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကို မကြာခဏရင်ဆိုင်နေရ၍ စစ်အင်အား မဖြည့်တင်းနိုင်သည့် အခြေအနေဖြစ်ပြီး ကျေးရွာများဘက်သို့ နေ့စဉ် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ကော့ကရိတ်အခြေစိုက် အင်အားစုက ပြောသည်။

ကော့ကရိတ်ကအမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့ဝင် က “သူတို့အတိုက်မခံရအောင် နေ့တိုင်း တောင်ပိုင်း၊ မြောက်ပိုင်း ရွာတွေကို ပစ်ခတ်တာရှိတယ်။ ကာမီကာဇေ(အသေခံ) ဒရုန်းနဲ့လည်း ကြဲတာမျိုးရှိတယ်။ တောင်ကြာအင်း၊ လှိုင်ကွယ်ဘက်အထိ လက်နက်ကြီး ပစ်တယ်” ဟု ကေအိုင်စီကို ပြောသည်။

ကျုံဒိုးနှင့် ကော့ကရိတ်ကျေးရွာများဘက်တွင် ယခုရက်ပိုင်းအတွင်း UAV ကင်းထောက်ဒရုန်းများဖြင့် စစ်အုပ်စုက ထောက်လှမ်းရေးလုပ်နေသလို ဖားအံမှတစ်ဆင့် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ၊ နဘူး၊ ပိုင်ကျုံနှင့် လှိုင်းဘွဲဘက်သို့ စစ်ကူ၊ ရိက္ခာနှင့် ခဲယမ်း ပို့ဆောင်မှုများ နေ့စဉ်ရှိနေသည်ဟု ဆိုသည်။

အလားတူ ရှေ့တန်းတွင် ထိခိုက်ဒဏ်ရာရရှိလာသည့် ၎င်းတို့စစ်အုပ်စုတပ်ဖွဲ့ဝင်များကို စစ်သုံးမော်တော်ယာဉ်တန်းများဖြင့် ဖားအံဘက်သို့ ပြန်လည်သယ်ဆောင်မှုများလည်း ရှိကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။