ဩဂုတ် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုအတွင်း ကူညီကယ်ဆယ်ရေးလုပ်နေသူ ပရဟိတလူငယ်၊ လူရွယ်အချို့ အရေပြားပေါ် အနီစက်များပေါက်ရောက်ပြီး ယားနာရောဂါ ဖြစ်ပွားနေကြောင်း ကယ်ဆယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။
ငဝန်မြစ်ရေကာတာကျိုးပေါက်မှုနှင့် မိုးဆက်လက်ရွာသွန်းနေခြင်းကြောင့် ဇူလိုင်လကုန်ပိုင်းမှ ယနေ့ထက်ထိဖြစ်ပွားနေသော လေးမျက်နှာမြို့နယ်ရေဘေးအတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများအပြားတွင် ရေမကျဘဲရှိနေ၍ ပိတ်မိနေသူများကို ကယ်ထုတ်ခြင်းနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို လှုမှုကူညီရေးအဖွဲ့များက အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။
ယင်းကြောင့် ရေထဲတွင် အချိန်ကြာမြင့်စွာ နေရသည့်ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ အရေပြားယားနာရောဂါများ စတင်ဖြစ်ပွားလာသည်ဟု လေးမျက်နှာရေဘေးတွင် သွားရောက်ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။
“ရေဝဲကိုက်တယ်ခေါ်တာပေါ့။ ရေထဲမှာ အချိန်ကြာကြီး ရက်ရှည်နေတဲ့သူတွေ အဖြစ်များတယ်။ သိသိချင်း သေချာလေးနားပြီး လိမ်းဆေးလေး ပုံမှန်လိမ်းရင်တော့ ရက်ပိုင်းအတွင်း ပျောက်ပါတယ်။ ကျနော်က သိသိချင်းမှာ ပေါ့ဆလိုက်တာလည်း ပါတယ်၊ သေချာမနားဘဲ မိုးလင်းကနေ မိုးချုပ်ထိ ရေထဲမှာပဲလုပ်နေတော့ ပိုဆိုးသွားတာ” ၎င်းအမျိုးသားက ပြောသည်။
လက်ရှိတွင် ယားနာဝေဒနာ ခံစားနေရသည့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ရေဘေးသင့်ပြည်သူထဲက ယားနာရောဂါဖြစ်ပွားသူများအတွက် ဆေးဝါးများကိုလည်း နားလည်တတ်ကျွမ်းသူများက လက်လှမ်းမီသလောက် မျှဝေပေးထားသည်။

ထို့အပြင် သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည်လည်း ကိုယ်တိုင်အလွယ်တကူသွား၍ရသည့် နေရာများသို့ တစ်အိမ်တက် တစ်အိမ်ဆင်း ကျန်းမာရေးအခြေအနေ လိုက်လံမေးမြန်းကာ ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။
လေးမျက်နှာရေဘေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာစစ်အုပ်စု၏ ဩဂုတ်လ(၄)ရက်နေ့တွင် စာရင်းထုတ်ပြန်ချက်အရ လူဦးရေ (၂၇,၀၀၀)ကျော် ရေဘေးသင့်နေသည်။ ထိုအထဲတွင် မြို့ပေါ်ရပ်ကွက်(၅)ခု၊ ကျေးရွာ (၅၇)ရွာပါဝင်ပြီး လယ်ဧက (၂၇,၀၀၀)ကျော်လည်း ရေနစ်မြုပ်နေကြောင်း သိရသည်။
တိုင်းဒေသကြီးစစ်အုပ်စုဘက်ကမူ ငဝန်မြစ်ရေကာတာ အတွင်းတာဘောင်ကျိုးသည့်နေရာနှင့် အပြင်တာဘောင်နိမ့်ဝင်သည့်နေရာအား ပြုပြင်မှုများလုပ်ဆောင်၍ အခြေအနေကိုထိန်းညှိရန်ကြိုးပမ်းနေသည်ဟု ဆိုသည်။ သို့ရာတွင် ပြင်ဆင်ချိန်ကြန့်ကြာနေ၍ ရေဘေးပိုမိုကျယ်ပြန့်လာနိုင်သည့်အပေါ် အချိန်မီကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန်လည်း တတ်ကျွမ်းသူများနှင့် ကယ်ဆယ်ရေးအဖွဲ့အချို့က သတိပေးနေကြခြင်းရှိသည်။
ထို့အတူ လက်ရှိတွင် ရေဘေးကြောင့် သွားလာရခက်ခဲသည့်နေရာများသို့ စက်လှေများဖြင့် ကူညီထောက်ပံ့ပေးနေရဆဲဖြစ်ကာ အရေးပေါ်စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဆက်လက်လိုအပ်လျက်ရှိသည်ဟု လေးမျက်နှာအတွက်အကူအညီပေးနေသူ ပရဟိတအဖွဲ့များက ပြောသည်။



















