ဩဂုတ် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်/ဖာပွန်ခရိုင်တွင် စစ်အုပ်စု၏ လေယာဥ်နှင့်လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဩဂုတ်(၅)ရက်နှင့်(၆)ရက်နေ့ နှစ်ရက်အတွင်း ဒေသခံအမျိုးသမီး(၁)ဦး သေဆုံး၊ (၃)ဦးဒဏ်ရာရခဲ့ပြီး ဘာသာရေးအဆောက်အအုံ အပါအဝင် နေအိမ်(၄၀) ထက်မနည်း ပျက်စီးသွားကြောင်း အာဏာပိုင်နှင့်ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့၊ ည ၉ နာရီအချိန်တွင် ဒွယ်လိုးမြို့နယ်၊ ထီးသဘလုထ အုပ်စု၊ ဘောသို့ထ ရွာသို့ ဂျက်လေယာဉ်ဖြင့် ဗုံး(၄) လုံး ကြဲချ၍ အသက် ၄၅ နှစ်အရွယ် နော်ပိုမူ၊ ပွဲချင်းပြီး သေဆုံးခဲ့သည်။ အသက်(၄၀)ကျော်အရွယ် ဒေသခံအမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ကေအဲန်ယူ တပ်မဟာ (၅) တာဝန်ရှိသူက ပြောသည်။
တဆက်တည်း ဩဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းတွင်လည်း မာထောအုပ်စု၊ ခလယ်ခိုကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ လယ်လုပ်နေသူ အသက် ၃၅ နှစ်အရွယ်၊ နော်ဒါးခူ၏ ဘယ်လက်တွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
“သူတို့(စစ်အုပ်စု)က လေယာဉ်နဲ့လက်နက်ကြီးကို အားကိုးပြီး ဒေသခံရွာသားတွေကိုပဲ အသားကုန် လိုက်ပစ်နေတယ်။ တိုက်ပွဲလည်း နေ့တိုင်းဖြစ်တော့ သူတို့ဘက်က ထိခိုက်ဒဏ်ရာရတာ နေ့တိုင်းလိုလိုပဲ” ဟု မူတြော်တွင် အရပ်သားများပစ်မှတ်ဖြစ်နေခြင်းအပေါ် တပ်မဟာ(၅)ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က ပြောသည်။
ယင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်မရှိ၊ တိုက်ပွဲလည်းမဖြစ်သည့်ကျေးရွာနေလူထုများမှာ အသက်မွေးဝမ်းကြောင်း ကောင်းစွာမလုပ်နိုင်ဘဲ ထိတ်လန့်စိုးရိမ်နေရသည်ဟု ဆိုသည်။

မူတြော်နေ ဒေသခံအမျိုးသားတစ်ဦးက “Y-12 ရော ဂျက်လေယာဥ်နဲ့ရော လာပစ်တုန်းက ကျနော့်သားရဲ့ ခြေထောက်ကို နည်းနည်းထိတယ်၊ နွားတစ်ကောင်လည်း ထိတယ်။ ပြီးတော့ (ဩဂုတ်လ ၂ ရက်နေ့) တုန်းကဆိုရင် စပါးစိုက်နေတုန်း လက်နက်ကြီးလှမ်းပစ်သေးတယ်။ အခု စပါးစိုက်နေရင်းနဲ့ ကြောက်နေရတယ်။ ဒါတောင် ကျနော်တို့နေတဲ့နေရာက လက်နက်ကိုင်တပ်ဖွဲ့တွေမရှိဘူး၊ နီးလည်း မနီးဘူး” ဟု ကေအိုင်စီကို ပြောသည်။
မူတြော်ခရိုင်တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အရပ်ဖက်အဖွဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) ၏ ဩဂုတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း ဒေသခံများ ထိခိုက်သေဆုံးမှုကို ဖော်ပြထားသည်။ ထိုအထဲတွင် ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် နေအိမ် ၃၀ လုံး ပျက်စီးသွားကြောင်း ပါရှိသည်။
အလားတူ ယင်းထုတ်ပြန်ချက်အရ ဩဂုတ်လ(၃)ရက်နေ့က ထီးသဘလုထအုပ်စု၊ ထီးလော်သေထရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံး(၁၅)လုံး ကြဲချခဲ့ရာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်းနှင့် ဇူလိုင်လ(၃၁)ရက်နေ့က မယ်ကောလိုကျေးရွာတွင် တိုက်လေယာဉ်ကြောင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ဒဏ်ရာရှိပြီး နေအိမ် (၈) လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
နယ်မြေထိန်းချုပ်ရန် တပ်မဟာ(၅)နယ်မြေကို စစ်ကြောင်းချီလာသော စစ်အုပ်စုသည် လမ်းတစ်လျှောက်ရှိ ရွာသားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည်။ ယင်းကြောင့် လက်ရှိတွင် ဒေသခံ(၁၀,၀၀၀) နီးပါး ဘေးလွတ်ရာသို့စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်းလည်း နယ်မြေသတင်းအရင်းအမြစ်များအရ သိရသည်။



















