Home သတင်း ပြည်တွင်းပြည်ပ ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ခွင့်ရဟု AAPP ပြော

ပြည်တွင်းပြည်ပ ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ခွင့်ရဟု AAPP ပြော

15
Photo: Telegram

ဩဂုတ် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းကတည်းက စစ်အုပ်စုဖမ်းဆီးအကျဥ်းချထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ-ICRC တို့ တွေ့ဆုံခွင့်ရခြင်းသည် ပြည်တွင်းပြည်ပ စုပေါင်းဖိအားပေးမှုကြောင့်ဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့တွင် ထုတ်ပြန်ပြောသည်။

ICRC ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ ဩဂုတ်လ(၃)ရက်နေ့ မနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့သည်ဟုဆိုကာ နှစ်ဦးသား လက်ဆွဲနှုတ်ဆက်နေသည့်ပုံများနှင့်တကွ စစ်အုပ်စုထိန်းချုပ်ထားသည့် မီဒီယာများမှ ဝေဝေဆာဆာ ဖော်ပြနေကြခြင်းဖြစ်သည်။

AAPP ကလည်း ယနေ့ မနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဒေါ်ဆောင်ဆန်းစုကြည်နှင့် ICRC တို့ တွေ့ဆုံခွင့်ရခြင်းသည် စစ်အုပ်စုအပေါ် ပြည်တွင်းအင်အားစုများအပါအဝင် အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဖိအားပေးခြင်းကြောင့်ဖြစ်သည်ဟု သဘောထားထုတ်ပြန်သည်။

သို့ရာတွင် ICRC တစ်ဖွဲ့တည်းနှင့်သာတွေ့ဆုံခွင့်ရခြင်းမှာ စစ်အုပ်စု၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကျဥ်းသားသဖွယ်သတ်မှတ်သည့် သဘောထားကိုပေါ်လွင်စေကြောင်း တဆက်တည်း ထောက်ပြသွားသည်။

ထို့အပြင် မြန်မာ့အရေးပြဿနာများကိုဖြေရှင်းရန် စစ်တပ်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ချက်ချင်းပြန်လွှတ်ပေးရမည်ဖြစ်သလို ၎င်း၏အခန်းကဏ္ဍကိုလည်း တရားဝင်အသိအမှတ်ပြုရမည်ဟု AAPP က ဆိုသည်။

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မအမျိုးမျိုးတပ်၍ ၂၀၂၁ ခုနှစ်ကတည်းက ရန်ကုန်နှင့်နေပြည်တော်အကျဥ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ရောက်သည့် လက်ရှိအချိန်ထိ ပြောင်းရွှေ့ချုပ်နှောင်ထားခြင်းဖြစ်သည်။

သို့သော် ၎င်း၏ကျန်းမာရေးနှင့်နေထိုင်မှုအခြေအနေအား တရားဝင်ထုတ်ပြန်မှုမရှိသောကြောင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်သံနှင့်ရင်ဆိုင်ရသည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူက မိခင် သက်ရှိထင်ရှားရှိ၊ မရှိ စိုးရိမ်သဖြင့် အသက်ရှင်နေသည့်သက်သေခိုင်ခိုင်မာမာပြရန် တောင်းဆိုခဲ့ခြင်းရှိသည်။

ယနေ့ စစ်အုပ်စုထုတ်ပြန်လာသည့် ဓာတ်ပုံများတွင်မူ ပြီးခဲ့သည့် ဇွန်လက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အသက်(၈၁)နှစ်ပြည့်တွင် မွေးနေ့ကိတ်ခွဲနေသောပုံများ ပါဝင်လာသလို ကျန်းမာရေးကောင်းမွန်နေကြောင်းလည်း အာဏာသိမ်းစစ်အုပ်စု သမ္မတရုံးပြောခွင့်ရသူကလည်း ဒေသသတင်းမီဒီယာအချို့ကို ဖြေကြားထားသည်။