Home သတင်း တရားမဝင် ဆယ်နှစ်ခံကဒ် နှိမ်နင်းရေးစီမံချက်ဖြင့် မဲဆောက်က ရုံးဝန်ထမ်းအပါအဝင် ဆက်နွယ်သူ (၁၇) ဦးကို ထိုင်းအာဏာပိုင်များ ဝင်ဖမ်း

တရားမဝင် ဆယ်နှစ်ခံကဒ် နှိမ်နင်းရေးစီမံချက်ဖြင့် မဲဆောက်က ရုံးဝန်ထမ်းအပါအဝင် ဆက်နွယ်သူ (၁၇) ဦးကို ထိုင်းအာဏာပိုင်များ ဝင်ဖမ်း

22
Photo: Social Media

ဩဂုတ် (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် (၀၀)နှင့်စသည့် ၁၀နှစ်ခံကဒ်ပြားများ တရားမဝင်လုပ်ဆောင်ပေးနေသူ ရုံးဝန်ထမ်းများ အပါအဝင် ပတ်သက်ဆက်နွယ်သူ (၁၇) ဦးကို ယနေ့ ဩဂုတ်လ(၄)ရက်နေ့ နံနက်ပိုင်းက အင်အား (၁၃၀) ကျော်ပါသည့် ထိုင်းအာဏာပိုင်အဖွဲ့မှ စီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်း(၁၃)ခု ရှာဖွေခွင့်(၂)ခုဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပစ်မှတ်အတွင်း မဲဆောက်စည်ပင်(ထေ့စပန်း)ရုံး အိမ်ထောင်စုမှတ်ပုံတင်ဌာနမှ ဝန်ထမ်းဟောင်း(၁)ဦး၊ လက်ရှိဝန်ထမ်း(၂)ဦးနှင့် နိုင်ငံခြားသား (၁၂)ဦး ပါရှိသည်။

စစ်ဆင်ရေးတွင် ထိုင်းအစိုးရဝန်ထမ်း(၃)ဦးအနက် (၂)ဦးကို လက်ဝယ်ဖမ်းဆီးမိခဲ့သည်။ “ခက်”အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးမှာမူ မြန်မာပြည်ဘက်ခြမ်းရှိ ကရင်နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်နယ်မြေသို့ ထွက်တိမ်းရှောင်သွားသည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။

အမှုဖွင့်ခံထားရသူများတွင် အိမ်ထောင်စုစာရင်း ထောက်ခံပေးသူ (၂)ဦးနှင့် ကဒ်အတု ရယူထားသူ မြန်မာနိုင်ငံသား(၁၂)ဦး ပါဝင်ပြီး နိုင်ငံခြားသားများ၏ လက်ဗွေများဖြင့် တိုက်ဆိုင်စစ်ဆေးကြည့်ရာ မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားခြင်းရှိကြောင်းလည်း နှိမ်နင်းရေးနှင့်ပတ်သက်ပြီး မဲဆောက်တွင် ယနေ့နံနက်ပိုင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အာဏာပိုင်များက ပြောသည်။

ထိုမှတဆင့် ဆက်လက်စစ်ဆေးချက်အရ တရားမဝင်ထုတ်ထားပေးသည့် ၁၀ နှစ်ခံကဒ် (၇၀၀)ကျော်အထိ ရှိနေကာ တစ်ဦးလျှင် ဘတ်လေးသောင်း(၄၀,၀၀၀)မှ စတင်၍ ဘတ်တစ်သိန်း(၁၀၀,၀၀၀)အထိ ကဒ်ပွဲစားများကို အခကြေးငွေပေးရခြင်းရှိကြောင်း သိရသည်။

Photo: Social Media

လက်ရှိတွင် မဲဆောက်မြို့ထဲ၌ ၂၀၂၃ ခုနှစ်နောက်ပိုင်း ပြုလုပ်ထားသည့် ၁၀ နှစ်ခံကဒ် အများအပြား ဖျက်သိမ်းခံလိုက်ရခြင်းလည်း ရှိသည်။

ထိုအထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် မဲဆောက်မြို့နေအမျိုးသမီးတစ်ဦးက “ကျမကဒ်က (၄) လပိုင်းတုန်းက ပိတ်တာ။ ကလေးမွေးစာရင်းလုပ်ဖို့ ထောရောဆန်ပယ် သွားထုတ်တဲ့အချိန်ကျမှ ပိတ်ခံထိတာသိရတယ်။ ကဒ်ပိတ်ခံထိတော့ ဘဏ်တွေပါ အကုန်ပိတ်ခံရတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းအာဏာပိုင်များသည် ယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် (၁၀)နှစ်ခံကဒ်ထုတ်ပေးသည့်အစီအစဉ်နှင့်ပတ်သက်ပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စီမံချက်ဖြင့် နယ်စပ်ဒေသရှိ မှတ်ပုံတင်ရုံးများအားလုံးတွင် တင်းကြပ်သည့် စစ်ဆေးမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောဆိုထားသည်။

စစ်ဆင်ရေးအတွင်း တာ့ဒ်ခရိုင်ရဲတပ်ဖွဲ့ ဒုတိယတိုင်းမှူး ရဲမှူးကြီးက ဦးဆောင်ကာ မဲဆောက်ရဲတပ်ဖွဲ့များ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး အဖွဲ့ဝင်များလည်း ပါဝင်ခဲ့ကြကြောင်း သိရသည်။

Photo: Social Media