Home သတင်း နီပေါ-တိဘက်နယ်စပ်တွင် ရုတ်တရတ်ရေကြီးမှုကြောင့် လူပေါင်း (၁၆၅) ဦးထက်မနည်း သေဆုံးပြီး (၁,၅၀၀) နီးပါး ပျောက်ဆုံးနေ

နီပေါ-တိဘက်နယ်စပ်တွင် ရုတ်တရတ်ရေကြီးမှုကြောင့် လူပေါင်း (၁၆၅) ဦးထက်မနည်း သေဆုံးပြီး (၁,၅၀၀) နီးပါး ပျောက်ဆုံးနေ

21
Photo crd- Reuters Reference - The Guardian

ဩဂုတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဟိမဝန္တာတောင်တန်းဒေသ နီပေါနိုင်ငံနှင့် တရုတ်ပြည်၊ တိဘက်နယ်စပ်တွင် ယမန်နေ့ (ဩဂုတ်လ ၂၆ ရက်) က ရေခဲမြစ်နှင့်ကျောက်တုံးများပြိုကျရာမှ ရုတ်တရတ်ရေကြီးမှုဖြစ်ပွားခဲ့ပြီး ခရီးသွားအများစုပါဝင်သော လူပေါင်း(၁၆၅)ဦးထက်မနည်း သေဆုံးကာ (၁,၅၀၀) နီးပါး ပျောက်ဆုံးနေကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။

နီပေါ–တရုတ် နယ်စပ်ဂိတ်၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်ရှိ Lhende (လန်းဆန်း) မြစ်အတွင်း ရေခဲနှင့်ကျောက်တုံးပြိုကျမှု ဖြစ်ပွားရာမှ ရေလှိုင်းကြီး ဖြစ်ပေါ်စေခဲ့ပြီး တောင်တက်ခရီးသွားများနှင့် ဘုရားဖူးလာသူများ လည်ပတ်ရာ အဆိုပါဒေသတစ်လျှောက် ကျေးရွာများ၊ နေအိမ်အဆောက်အအုံများ ပျက်စီးသွားသည်။

အာဏာပိုင်များ၏ ကယ်ဆယ်ရေးဆောင်ရွက်မှုအရ တိဘက်မှ သေဆုံးသူ(၃)ဦးထက်မနည်း အပါအဝင် စုစုပေါင်းသေဆုံးသူ (၁၆၅) ဦးရှိသည်။ ပျောက်ဆုံးသူ (၁,၅၀၀)နီးပါးတွင် အိန္ဒိယ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ လူမျိုးများအပါအဝင် နီပေါဘက်မှ ပျောက်ဆုံးသူ (၈၀၀)ကျော်ရှိပြီး တိဘက်တွင် (၅၀၀)ကျော်ရှိနေကြောင်း The Guardian သတင်းဌာနက ဖော်ပြထားသည်။

ပျောက်ဆုံးသူတို့၏မိသားစုဝင်များမှာ နီပေါစစ်တပ်လေ့ကျင့်ရေးစခန်းအပြင်ဘက်တွင် ကယ်ဆယ်ရေးတွေ့ရှိမှု အခြေအနေကို စောင့်ဆိုင်းနေကြသလို တိဘက်အစိုးရဘက်က ကယ်ဆယ်ရေးလုပ်ငန်းအတွက် အရေးပေါ်ဝန်ထမ်း (၈၀၀) နီးပါးဖြင့် ယာဉ်များ အသုံးပြုလုပ်ဆောင်နေသည်ဟု ဆိုသည်။

Photo crd- Reuters
Reference – The Guardian

ထို့အပြင် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများက ထိခိုက်နစ်နာသူများကို အကူအညီပေးရန် လူအင်အားနှင့်အရေးပေါ်အထောက်အပံ့များ စေလွှတ်နေပြီး အမေရိကန်အစိုးရကလည်း အမေရိကန်ဒေါ်လာ ၅ သိန်းကို အရေးပေါ်ကူညီရေးအတွက် ပေးအပ်သွားရန်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဖြစ်စဥ်ဖြစ်ပွားရာဒေသ၌ ရေအားလျှပ်စစ်အခြေခံအဆောက်အအုံများ ပျက်စီးပြီး လျှပ်စစ်မီးပြတ်တောက်နေ၍ မိုဘိုင်းဖုန်းအသုံးပြု ပျောက်ဆုံးသူစာရင်းကို မှတ်တမ်းတင်နေရကြောင်း နိုင်ငံတကာသတင်းများက ဆိုသည်။

အဆိုပါရုတ်တရတ်ရေကြီးမှုမှာ ပြင်းအား (၄.၄) အဆင့်ရှိ ငလျှင်ကြောင့်ဖြစ်ပွားရကြောင်း နီပေါပညာရှင်များက ကနဦးယူဆကြသော်လည်း အမေရိကန် ဘူမိဗေဒစစ်တမ်းအဖွဲ့ USGS က မှတ်တမ်းအရ ရေခဲ၊ ကျောက်တုံးနှင့် မြေသားများ ပြိုကျစီးဆင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ငလျင်ကဲ့သို့ တုန်ခါမှုသာဖြစ်ကြောင်း အဖြေရှာနိုင်ခဲ့သည်။