ဩဂုတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးတွင် ဒေသခံများ စမတ်ကတ် (Smart Card) ပြုလုပ်မှုနှင့် သန်းခေါင်စာရင်းအချက်အလက်ပြင်ဆင်မှုတွင် ရုံးဝန်ထမ်းများက အနည်းဆုံး ကျပ် ၅ သောင်းမှ ၃ သိန်းအထိ ငွေတောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ကျေးရွာနေ စစ်ဘေးရှောင် အပါအဝင် ဒေသခံများ ခရီးသွားလာရာ၌ ဒေသတွင်း စစ်အုပ်စုဂိတ်စခန်းများက ယခင်မှတ်ပုံတင်ကတ် အစား စမတ်ကတ် ရှိ၊ မရှိ စစ်ဆေးမေးမြန်းမှု ပိုမိုပြုလုပ်နေခြင်းကြောင့် လဝက ရုံးသို့လာရောက် ကတ်ပြုလုပ်သူ များပြားနေခြင်းဖြစ်သည်။
ယခု ဇူလိုင်နှင့် ဩဂုတ်လအတွင်း မှတ်ပုံတင်အစားထိုး စမတ်ကတ် လာရောက်ပြောင်းလဲပြုလုပ်ကြသူများထံမှ ကော့ကရိတ်မြို့နယ်၊ လဝက ဝန်ထမ်းများက ငွေကျပ် ၁ သိန်းမှ ၃ သိန်းအထိ တောင်းခံနေသည်ဟု လဝကရုံးနှင့်နီးစပ်ရာ ကေအိုင်စီ သတင်းအရင်းအမြစ်က ပြောသည်။
“စမတ်ကတ်မပါရင်၊ ထောက်ခံစာမပါရင် ဂိတ်ကြေး တစ်သောင်း ပေးရတော့ လဝကရုံးမှာ စမတ်ကတ်တွေ လာလုပ်ကြတာ။ တစ်ခုလုပ်ရင် လဝက စာရေးနဲ့ အရာရှိကို ၁ သိန်းကနေ ၃ သိန်းအထိ ပေးရတာမျိုး ဖြစ်နေတယ်။ ပွဲစားကြေးနဲ့ အမြန်ကြေး ဆိုတာလည်း ပေးရတယ်” ဟု အဆိုပါကေအိုင်စီသတင်းအရင်းအမြစ်က ပြောသည်။
စစ်အုပ်စု၏အတုအယောင် ရွေးကောက်ပွဲကာလမတိုင်ခင်က စစ်ကြောင့်ထွက်ပြေးတိမ်းရှောင်ပြီး ကော့ကရိတ်မြို့ပေါ်ပြန်လာနေသူများအတွက် ပြည်နယ်စစ်အုပ်စုဌာနဆိုင်ရာမှ စီမံချက်ဖြင့် စမတ်ကတ်များ အခမဲ့ လုပ်ပေးခဲ့ခြင်းရှိသော်လည်း ယခုမူ ငွေမပေးလျှင် ကတ်မရ (သို့မဟုတ်) လုပ်ငန်းစဥ် ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

ထို့အပြင် စမတ်ကတ်ပါ မိသားစုအချက်အလက်၊ နာမည်၊ လူမျိုး၊ လိပ်စာ မှားယွင်းမှုများ ပြင်ဆင်ဖို့အပြင် အိမ်ထောင်စုဇယား (သန်းခေါင်စာရင်း) အမည်တိုးထည့်ခြင်း၊ ပြောင်းရွှေ့ခြင်းတို့အတွက်လည်း ငွေကျပ် ၅ သောင်းမှ ၁ သိန်းခွဲအထိ ငွေပေးဆောင်ရကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။
မြဝတီသို့ပြောင်းရွှေ့နေထိုင်သူ ကော့ကရိတ်ဒေသခံတစ်ဦးက “ကော့ကရိတ်မှာ စစ်ဖြစ်လို့ မြဝတီတက်နေတာ ၂ နှစ်ကျော်ပြီ။ အခု အိမ်ထောင်စုစာရင်း ပြောင်းဖို့ ကော့ကရိတ်ရုံးမှာ သွားထုတ်တာ လဝက စာရေးကို ၁ သိန်းခွဲ ပေးရတယ်။ မြဝတီ လဝကမှာ စာရင်းပြန်ဝင်တာက ၁ သိန်း။ ကလေးနှစ်ယောက် စမတ်ကတ်လုပ်တာလည်း ၃ သိန်းဆီ ပေးရတယ်။ နာမည်မှား၊ အချက်အလက်မှားတာ ပြင်ရင်က အနည်းဆုံး ၅ သောင်းကနေ ၁ သိန်းခွဲလောက်အထိ တောင်းတယ်” ဟု ကေအိုင်စီကို ပြောသည်။
ထို့အပြင် ဟိန္ဒူ၊ မွတ်စလင် စသည့် လူမျိုးခြားများအတွက်မူ စမတ်ကတ် ချက်ချင်းမရဘဲ ပြည်နယ်အဆင့်နှင့် နေပြည်တော်အဆင့် ခွင့်ပြုချက်တောင်းခံပြီးမှသာ ပြုလုပ်ပေးကြောင်း သိရသည်။
လဝကရုံးမှ လာဘ်ငွေယူ၍ ထိုသို့လုပ်ဆောင်နေသည့်အပေါ် ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးဌာနနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များထံ ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
ထို့အတူ ယင်းကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်း ထွက်ပေါ်နေသော်လည်း ပြည်နယ်စစ်အုပ်စုဘက်က တစ်စုံတစ်ရာ စစ်ဆေးအရေးယူသည့် ဖြစ်စဉ်မျိုး လက်ရှိအချိန်ထိ မတွေ့ရှိရသေးကြောင်း မြို့ခံများက ပြောသည်။


















