Home သတင်း တောင်ကိုးရီးယားအစိုးရမှ နယ်စပ်ဒုက္ခသည်စခန်း(၅)ခုအတွက် အမေရိကန်ဒေါ်လာ (၁) သိန်းကျော်တန်ဖိုး ထောက်ပံ့မည်

တောင်ကိုးရီးယားအစိုးရမှ နယ်စပ်ဒုက္ခသည်စခန်း(၅)ခုအတွက် အမေရိကန်ဒေါ်လာ (၁) သိန်းကျော်တန်ဖိုး ထောက်ပံ့မည်

10
Photo: The Nation Thailand

ဩဂုတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနှင့် တောင်ကိုးရီးယားနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တည်မြဲစေရန် ထိုင်းနိုင်ငံထဲရှိ ဒုက္ခသည်စခန်း (၅)ခုအတွက် အမေရိကန် (၁၂၀,၀၀၀)တန်ဖိုးရှိ အကူအညီအထောက်အပံ့များ တောင်ကိုးရီးယားအစိုးရက ပေးအပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၂၆)ရက်နေ့က ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်းတွင် ပြုလုပ်သည့်အခမ်းအနားမှ သိရသည်။

The Border Consortium (TBC)က ကြီးမှူးပြီး ထိုင်းနိုင်ငံဆိုင်ရာ တောင်ကိုးရီယားသံအမတ်ကြီး H.E. Mr. Park Yongmin ၊ ကိုးရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA)၊ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန(MOI)၊ ထိုင်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA) နှင့် ကရင်ဒုက္ခသည်များကော်မတီ(KRC) တာဝန်ရှိသူများဖြင့် အဆိုပါအထောက်အပံ့များပေးအပ်သည့် အခမ်းအနားကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။

“ထောက်ပံ့တဲ့အစီစဉ်ကတော့ မယ်လဒုက္ခသည်စခန်းမှာ သွားလုပ်တာဖြစ်တယ်။ ထောက်ပံ့ငွေတွေကတော့ TBC မှာပဲ ထည့်တယ်။ TBCကပဲ ပြန်ပြီး ကြီးကြပ်ဆောင်ရွက်ပေးမယ်။ ဒုက္ခသည်စခန်း တွေကိုခွဲပြီး ပေးသွားမယ်လို့သိရတယ်” ဟု KRC အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။

ကိုးရီးယားအစိုးရ၏ ထောက်ပံ့မှုသည် ဒုက္ခသည်စခန်းထဲရှိ စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များ၏ စီမံခန့်ခွဲမှုအပိုင်း အထောက်အကူပြုစေနိုင်သလို စခန်းနေလူထုအတွက် စားနပ်ရိက္ခာ တစ်စိပ်တစ်ပိုင်း အထောက်အကူပြုနိုင်သည်ဟု စောပွယ်စေးက ဖြည့်စွက်ပြောသည်။

Photo: The Nation Thailand

ထို့အပြင် တောင်ကိုရီးယားမှ အမေရိကန်ဒေါ်လာ (၁၂၀,၀၀၀) တန်ဖိုးရှိ စားနပ်ရိက္ခာအပါအဝင် အိမ်သုံး မီးသွေးများကို TBC ၏ ရိက္ခာဖူလုံမှုအထောက်အကူပြုရေးစီမံကိန်းအောက်တွင် ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအတွက် ထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်း The Nation Thailand သတင်းဌာနက ဖော်ပြထားသည်။

The Nation Thailand ၏ ဖော်ပြချက်အရ ကိုးရီးယားအစိုးရ၏ ထောက်ပံ့မည့်အစီစဉ်ထဲတွင် ဒုက္ခသည်စခန်း(၅)ခုဖြစ်သည့် မယ်လ၊ အုန်းဖြန်၊ နို့ဖိုး၊ ဘန်ဒုံယမ်းနှင့် ထမ့်မဟင်ဒုက္ခသည်စခန်းတို့ပါဝင်ပြီး အကူအညီလိုအပ်သည့် အမျိုးသမီးအပါအဝင် ကလေးသူငယ် စုစုပေါင်း (၄,၉၆၂) ဦးခန့်အတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ကူညီမှုကို ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီ ရန်ပုံငွေများ သိသာစွာ လျော့နည်းလာချိန်တွင် ဒေသအတွင်းရှိ အရေးပေါ်လိုအပ်ချက်များ မြှင့်တက်လာမှုကို ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ် ထောက်ပံ့ပေးခြင်းဖြစ်သည်။

ထို့အတူ ကိုးရီးယားအစိုးရသည် ဒုက္ခသည်များကို ထောက်ပံ့ပေးမှု စီမံကိန်း ကြီးကြီးမားမားမရှိထားသော်လည်း အုန်းဖြန်ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေ အယောက်(၂၀၀)ခန့်ကို ရိက္ခာထောက်ပံ့ပေးမှု ရှိခဲ့ဖူးကြောင်း KRC ထံမှသိရသည်။