Home သတင်း တပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရမှုအပေါ် စစ်တပ်ထံ DKBA ကန့်ကွက်စာပေးပို့

တပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရမှုအပေါ် စစ်တပ်ထံ DKBA ကန့်ကွက်စာပေးပို့

21

သြဂုတ် ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ တောင်ဘက်ရှိ ဖလူးဒေသက ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ၏ အမှတ် (၉၁၅) ကျွန်းတောစခန်း လက်နက်ကြီးပစ်ခတ်ခံရမှုအပေါ် စစ်အုပ်စုထံသို့ ပြီးခဲ့သည့် သြဂုတ်လ (၁၇) ရက်နေ့တွင် DKBA က ကန့်ကွက်စာပေးပို့ခဲ့သည်။

စစ်အုပ်စု၏ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌကို လိပ်မူပြီး ပေးပို့ခဲ့သော အဆိုပါ ကန့်ကွက်စာတွင် စစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ဒဏ်ရာရသည့်အပေါ် ကန့်ကွက်ထားပြီး ရေရှည်ငြိမ်းချမ်းရေးတည် ဆောက်ရေးအတွက် ထိခိုက်စေသည်ဟု ဆိုထားသည်။

ထို့အပြင် DKBA အနေဖြင့် တပ်မ‌တော်နှင့် လက်တွဲပြီး ရေရှည်ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေချိန်တွင် ယခုလို ဖြစ်စဥ်မျိုး မဖြစ်သင့်ကြောင်း ပြောဆိုထားပြီး နောက်နောင် အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင် စစ်တပ်အနေဖြင့် မိမိတပ်ဖွဲ့ဝင်များကို ကြပ်မတ်ပေးရန် ကန့်ကွက်ပြောဆိုခဲ့သည်။

သြဂုတ်လ (၁၇) နေ့ဖြစ်စဥ်တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် တပ်ဖွဲ့ဝင် (၂) ဦးသေဆုံးခဲ့သည့်အပြင် တပ်မိသားစုဝင် ကလေးငယ် (၃) ဦးအပါအဝင် စုစုပေါင်း (၁၇) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၉) ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များသည် DKBA စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းလည်း သိရှိရသည်။

ပြီးခဲ့သည့်ဩဂုတ်လ(၁၀)ရက်နေ့မှစ၍ ထိုင်းနယ်စပ်အနီးတွင်ဖြစ်ပွားနေသည့် မြဝတီတောင်ပိုင်း၊ ဖလူး-ဝေါလေ တိုက်ပွဲအတွင်း စစ်ကြောင်းတိုးလာသော စစ်အုပ်စုတပ်ဖွဲ့များအား KNLA နှင့် ပူးပေါင်းတပ်က ဖြတ်တောက်ပိတ်ဆို့လျက်ရှိရာ နှစ်ဖက်တိုက်ပွဲအရှိန် ဆက်လက် ပြင်းထန်နေခြင်း ရှိသည်။