Home သတင်း ကြာအင်းဆိပ်ကြီးနှင့် ကျိုက်ဒုံတွင် ဇမိမြစ်ရေတိုး၍ ရေကြီးရေလွှမ်းမိုးမှု ဖြစ်ပွား

ကြာအင်းဆိပ်ကြီးနှင့် ကျိုက်ဒုံတွင် ဇမိမြစ်ရေတိုး၍ ရေကြီးရေလွှမ်းမိုးမှု ဖြစ်ပွား

9
Photo: CJ

ဩဂုတ် ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကျိုက်ဒုံမြို့နယ်ခွဲအတွင်း မုတ်သုန်မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေါနတောင်ကျရေများ ဇမိမြစ်အတွင်း စီးဝင်ကာ မြစ်ရေလျှံတက်ပြီး အနိမ့်ပိုင်း ဒေသများ၌ ရေကြီးရေလွှမ်းမိုးမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းခဲ့ရာမှ ဩဂုတ်လ ၁၉ ရက်တွင် မြစ်ရေ ရုတ်တရက် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းတွင် ဇမိမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁,၀၁၆ စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် မြစ်ကမ်းအနီးရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ ဒေသခံအချို့ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း ကမ်းနား လမ်းပိုင်းတွင် နေထိုင်သည့် ဒေသခံများက ပြောသည်။

“ကြာအင်းဆိပ်ကြီးက ချောင်းနှစ်ခွကနေစပြီး ကျိုက်ဒုံအထိ ရေဆင်းများတာကြောင့် ဇမိမြစ်နဲ့ အတ္ထ ရံမြစ် ရေကြီးနေတာပါ။ အခုဇက်ဆိပ်တွေ ကမ်းကူးလို့ မရတော့ဘူး။ ကမ်းနားရပ်ကွက်တွေ အကုန် မြှုပ်တော့ မြို့နယ်ခန်းမဘက်မှာ စစ်တပ်က ရေဘေးစခန်းဖွင့်ထားတယ်။ ကျိုက်ဒုံမှာတော့ ကုန်းမြင့် ဘက်က ဘုန်းကြီးကျောင်းကို နေရာပြောင်းနေကြတယ်၊ ကျိုက်ဒုံဘက်ကို လမ်းကြောင်းပြတ်သွားလို့ ကားသွားလို့ မရတော့ဘူး” ဟု ရေဘေးကူညီရေး လုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။

Photo: CJ

လက်ရှိတွင် ကြာအင်းဆိပ်ကြီးမြို့ပေါ် ရပ်ကွက်များဖြစ်သည့် မွန်ကျောင်း၊ ဇက်ဆိပ်နှင့် မြို့မကျောင်း ကမ်းနားတစ်လျှောက် ရေကြီးရေလွှမ်းနေပြီး ယနေ့ညအထိ တောင်ကျရေများ ဆက်လက်စီး ဝင်နေဆဲဖြစ်၍ ဇမိမြစ်ရေ နောက်ထပ် မြင့်တက်လာနိုင်ခြေရှိကြောင်း သိရသည်။

ထို့အပြင် ဖားအံမြို့၊ သံလွင်မြစ်ရေသည်လည်း စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ကာ ၇၅၈ စင်တီမီတာအထက်သို့ ဆက်လက်မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြား မှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြဝတီမြို့၊ သောင်ရင်းမြစ်ရေသည်လည်း စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်၍ ၁,၁၆၁ စင်တီမီတာအထိ မြင့်တက်နေသည်ဟု သိရသည်။

အဆိုပါ မုတ်သုန်မိုး တစ်ပတ်ကျော် အဆက်မပြတ် ရွာသွန်းမှုကြောင့် လှိုင်းဘွဲမြို့နှင့် ကျုံဒိုးမြို့ဘက်တွင် လည်း ဂျိုင်းမြစ်၊ လှိုင်းဘွဲမြစ်ရေများ မြင့်တက်လျက်ရှိသဖြင့် ရေကြီးရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပွား နေသည်။ ထို့အတူ အာရှလမ်းမကြီးမှတစ်ဆင့် ဒေါနတောင်ကျရေများ ချောင်းသောင်ချောင်းအတွင်း စီးဝင်လာသောကြောင့် ကော့ကရိတ်မြို့တွင်လည်း ရေကြီးရေလွှမ်းမိုးမှု အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။