Home သတင်း ကျောင်းထုတ်ခံရသည့် ဒုက္ခသည်ကလေးများဘက် ရပ်တည်သူ ထာ့ဆောင်ယန်းဆေးရုံအုပ်ကို တာ့ခ်ခရိုင် ကျန်းမာရေးဌာန ထောက်ခံ

ကျောင်းထုတ်ခံရသည့် ဒုက္ခသည်ကလေးများဘက် ရပ်တည်သူ ထာ့ဆောင်ယန်းဆေးရုံအုပ်ကို တာ့ခ်ခရိုင် ကျန်းမာရေးဌာန ထောက်ခံ

7
Photo: The Coverage

ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းအစိုးရ စာသင်ကျောင်း ထုတ်ခံရသည့် မယ်လဒုက္ခသည်စခန်းမှ ကလေး(၁၃)ဦးအတွက် ထောက်ခံမှတ်ချက်ပေးသဖြင့် ဝေဖန်ခံနေရသူ ထာ့ဆောင်ယန်းဆေးရုံအုပ်ကြီးအား လူသားချင်းစာနာထောက်ထားမှုဘက်မှ ရပ်တည်ခြင်းသာဖြစ်ကြောင်း တာ့ခ်ခရိုင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ၊ ၂၅ရက်နေ့စွဲဖြင့် ထုတ်ပြန်ထောက်ခံသည်။

ဆေးရုံအုပ်ကြီး ဒေါက်တာ ထဝပ်ချိုင်း ယင်ထဝီဆပ်သည် ဩဂုတ်လ (၂၂)ရက်နေ့က အဆိုပါဒုက္ခသည်ကလေးများဘက် ရပ်တည်သည့်မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး ထိုင်းလူမှုအသိုင်းအဝိုင်းကြားတွင် ဝေဖန်မှုအမျိုးမျိုး မြှင့်တက်လာသည့်အပေါ် တာ့ခ်ရိုင်ကျန်းမာရေးဝန်ကြီးဌာနဘက်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

စစ်ဆေးချက်အရ ဆေးရုံအုပ်ကြီးသည် စည်းမျဉ်းဥပဒေ ချိုးဖောက်ခြင်းနှင့် အကျိုးအမြတ်ရယူ ပြောဆိုထားခြင်း မရှိကြောင်း တာ့ခ်ခရိုင် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်အတည်ပြုခဲ့ပြီး ၎င်း၏လုပ်ရပ်မှာ လူသားချင်းစာနာထောက်ထားသည့်အနေဖြင့်သာ ဖြစ်သည်ဟု ထောက်ခံထားသည်။

တစ်ဆက်တည်းတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ ထိခိုက်လွယ်အုပ်စုများကို ကူညီစောင့်ရှောက်ကာ ဆရာဝန်များအတွက် ရပ်တည်မှုပြသည့် ထုတ်ပြန်ချက် ထုတ်သင့်ကြောင်းလည်း ထိုင်းနိုင်ငံ၊ ဓမ္မသတ်တက္ကသိုလ် ပါမောက္ခများနှင့် လူ့အခွင်အရေးလှုပ်ရှားသူများ၏ ပြောဆိုချက်ကို The Reporters ထိုင်းသတင်းဌာနမှ ကိုးကားဖော်ပြသည်။

ထာ့ဆောင်ယန်းဆေးရုံအုပ်၏ မှတ်ချက်တွင် ဒုက္ခသည်ကလေးများ ပညာသင်ယူခွင့်ရရှိခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါထိန်းချုပ်မှုများကို ပိုမိုထိရောက်စေသလို အနာဂတ်ထိုင်းနိုင်ငံအတွက် ကျွမ်းကျင်အလုပ်သမား အင်အားစုဖြစ်လာနိုင်သည်ဟု ပါရှိသည်။

သို့သော် ပညာသင်ခွင့်မရရှိပါက မူးယစ်ဆေးဝါးမှုနှင့် ရာဇဝတ်မှု ဖြစ်ပွားလာနိုင်ခြင်း၊ နယ်စပ်လုံခြုံရေး ထိခိုက်ခြင်းနှင့် လူမှုရေး ဝန်ထုတ်ဝန်ပိုးများ ဖြစ်စေလာနိုင်ကြောင်း မှတ်ချက်ပေးထားသည်။

လက်ရှိအချိန်တွင်မူ အဆိုပါကလေးများမှာ လဝက်ကြာကျောင်းရပ်နားထားရသလို ကျောင်းဆက်တက်ခွင့် ရှိ၊ မရှိ မသေချာကြောင်းလည်း မယ်လဒုက္ခသည်စခန်းရှိ ကျောင်းသား မိဘထံမှ သိရသည်။

ကျောင်းသားမိခင်တစ်ဦးက “ကျောင်းဆရာ၊ ဆရာမ ကျောင်းအုပ်တွေကတော့ သူတို့ကျောင်းက ကလေးဆိုတော့ ပေးတက်ချင်တာပေါ့။ အပေါ်က အမိန့်ဆိုတော့ သူတို့လည်း ဘယ်လိုမှမလုပ်တတ်ဘူး။ ကျမတို့ကို ကျောင်းအုပ်က ခေါ်တွေ့ဖို့ရှိတယ်၊ ဘာပြောမလဲတော့မသိရသေးဘူး”ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ထိုင်းကျောင်းတက်လာသည့် ကလေးများဖြစ်သည့်အတွက် ဒုက္ခသည်စခန်းထဲတွင် ကျောင်းဆက်ထားပါက သင်ကြားမှု မတူညီ၍ အခက်အခဲရှိသွားမည်ကိုလည်း အုပ်ထိန်းသူများက စိုးရိမ်နေကြသည်။

ထိုင်းနိုင်ငံတွင် “ပညာရေးသည်အားလုံးအတွက်”ဟု ဥပဒေ ပြဌာန်းချက် ထုတ်ပြန်ထားခြင်းရှိသည်။ သို့ရာတွင် ထိုဥပဒေသည် ဒုက္ခသည်စခန်းအတွင်းနေထိုင်သည့် ကလေးများအတွက် အကြုံးမဝင်ကြောင်းကိုလည်း ကရင်ဒုက္ခသည်ပညာရေးဆောင်ရွက်နေသူတချို့ က မှတ်ချက်ပေးသည်။